အခုက စည်ပင်ရုံးတောင် ရေဝင်နေတာ ကျန်တာတွေကတော့ ပြောမနေနဲ့တော့
၂၂၊ဇွန်လ။
ဇလွန်မြို့ပေါ်မှာ ဒီရက်ထဲမှာ မိုးဆက်တိုက် ရွာသွန်းနေပြီး မြောင်းတွေပိတ်နေခဲ့တာကြောင့် တချို့နေရာတွေမှာ ရေဝပ်တာ၊ရေတက်တာ ဖြစ်နေပါတယ်။ ဒါ့အပြင် မြောင်းပိတ်နေတဲ့အတွက် ရေဝပ်တာတွေက အချိန်ကြာကြာ ဖြစ်နေမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
“အခုမိုးတွင်းမှာ ကျွန်တော်တို့ဆီ အခုမှမိုးသဲကြီးမဲကြီးရွာတာ။ မိုးများတာနဲ့ တခါတည်း ရေတက်တော့တာပဲ။ ဒါတောင် မြစ်ရေလျှံလာတာ မဟုတ်သေးဘူး။ ခုအခြေအနေအရ ကျနိုင်ဖို့ကြာမယ်ထင်တယ်။ ကျွန်တော်တို့ကတော့ မြွေတို့၊ခြင်တို့ ပြီးတော့ ရေမဆင်းနိုင်လို့ လာစုတာဆိုတော့ ရေပုတ်တွေရေ ကျန်းမာရေးအတွက်လည်း မကောင်းဘူး ” လို့ ရေဝင်နေတဲ့ ရပ်ကွက်နေ ပြည်သူတဦးက ဆိုပါတယ်။
ရေဝပ်ချိန်ကြာတာနဲ့အမျှ အအေးမိဖျားနာကနေ မြွေပွေး၊ မြွေဟောက်၊ ငန်းတော်ကြား၊ သံကွင်းစွပ် စတဲ့ အဆိပ်ရှိ မြွေတွေ ပေါများတဲ့ ဒေသဖြစ်တာကြောင့် အိမ်တွေပေါ်ကို မြွေတွေတက်လာမှာ၊ ခြင်တွေ အတော်မသတ်နိုင်အောင် ပေါက်ဖွားလာမှာတွေကို ဒေသခံတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ဇလွန်မြို့နယ်မှာ အချို့နေရာတွေ လမ်းထက်မြင့်အောင် မြေဖို့မှုတွေ ရှိနေပြီး ရေမြောင်းစနစ် မထားတာ၊ မြို့နယ်စည်ပင်ရုံးက အလုပ်မလုပ်တာကြောင့် မြောင်းတွေ ပိတ်ဆို့ပျက်ဆီးနေတာတွေကြောင့် မိုးများတိုင်း ရေဝပ်တဲ့ ရပ်ကွက်တွေဟာ တနှစ်ထက် တနှစ်ပိုများလာနေတယ်လို့ သိရပါတယ်။
“ အခုက စည်ပင်ရုံးတောင် ရေဝင်နေတာ ကျန်တာတွေကတော့ ပြောမနေနဲ့တော့။ မိုးများလို့ မြစ်ရေတောင့်လို့ ရေကြီးရေလျှံလာရင် ဘယ်လိုတွေတောင် ဖြစ်မလဲ မသိဘူး။ ဇူလိုင်၊ ဩဂတ်စ်က စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေရမယ့်လတွေပဲ ” လို့ ဇလွန်မြို့နယ်ထဲက လူမှုကူညီရေး အသင်းတခုက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အနောက်တောင်မုတ်သုန်လေအားကောင်းနေတာကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းမှာ မိုးရေချိန်များများ ရွာသွန်းမှုတွေရှိနေပါတယ်။
“တကယ်က အနိမ့်ပိုင်းတွေမှာ အမြင့်က စီးလာတဲ့ ရေတွေက လာဝပ်တာ။ ပြန်စီးသွားဖို့မရှိပဲ ရေတင်နေတာမျိုး။
အဲ့နေရာတွေက အနိမ့်ပိုင်းတွေမို့ အဲ့လိုဖြစ်နေတာ” ဇလွန်သူတဦးက မှတ်ချက်ပေးပါတယ်။
ဇလွန်မြို့ပေါ်မှာရပ်ကွက် ၇ ခုရှိနေပြီး ၊ လောလော ဆယ် ရေဝပ်တာ အများဆုံးက ရပ်ကွက် ၃ ခု မှာ ဖြစ်နေတာလို့ သိရပါတယ်။