ဧရာဝတီက လိုင်စင်မဲ့ ပရဟိတကားတွေ မြို့နယ်ဖြတ်ကျော် ဖို့အခက်တွေ့နေ

အချို့စစ်သားတွေဆို လူနာတင်ကား ကိုတောင် ဂိတ်ကြေး တောင်းတယ်။

၂၂၊ဇွန်လ။

ဧရာဝတီတိုင်းထဲက လူမှုကူညီရေး ပရဟိတအသင်းတချို့ဟာ လိုင်စင်မဲ့လူနာတင်ကားတွေ မြို့နယ်ဖြတ်ကျော် မောင်းဖို့ အခက်အခဲ ရှိနေပါတယ်။ဒါကြောင့်  မြို့နယ်ကျော်ပြီးပို့ရမယ့် အရေးပေါ်လူနာ လမ်းကြောင်းတွေကို  ရပ်နားထားရပါတယ်။

“စစ်ဆေးရေး အဖွဲ့တွေက ဟိုအဖွဲ့ကတမျိုး ဒီအဖွဲ့ ကတမျိုးနဲ့  တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆိုသလိုမျိုး လုပ်နေ ကြတာ။ တာဝန်ရှိသူတွေက တာဝန်ခံမှု တာဝန်ယူမှု မရှိဘူးလေ။ အချို့စစ်သားတွေဆို လူနာတင်ကား ကိုတောင် ဂိတ်ကြေး တောင်းတယ်။ ကိုယ့်ထမင်း ကိုယ်စားပြီး ပရဟိတ လုပ်နေတာ ဖမ်းဆီး အရေးယူတာမခံ နိုင်ဘူး။ အဲ့ဒါကြောင့် မြို့ပြင်ပပို့ ဆောင်တာကို နားထားရတယ် ” လို့  ပရဟိတ ယာဉ်မောင်းတဦးက ပြောပါတယ်။

တမြို့ကနေ အခြားတမြို့ကို နယ်ကျော်လူနာပို့ရမယ်ဆိုရင် လိုင်စင်ကားတွေ ရှိမှသာ ပို့ပေးနိုင်ပြီး၊ မြို့နယ်တွင်းမှာ ဆိုရင်တော့ လိုင်စင်မဲ့ ကားတွေနဲ့ ပို့ပေးလို့ရနေသေးတယ်လို့ ပရိဟတ အသင်းတချို့က ပြောပါတယ်။

ပရဟိတ အသင်းတွေ အနေနဲ့ အသင်းကို တရားဝင် မှတ်ပုံတင်ထားဖို့ လိုအပ်သလို့ ယာဉ်နဲ့ ယာဉ်မောင်းတွေကိုလည်း ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်လိုင်စင်တွေ ရှိဖို့ လိုအပ်တယ်၊ပရဟိတအဖွဲ့က လိုင်စင်မဲ့ ယာဉ်တွေကို ဖမ်းမယ် မဖမ်းဘူးဆိုတာနဲ့ ၊ ယာဉ်ကို သိမ်းမယ် မသိမ်းဘူးဆိုတာကို အမိန့်ညွှန်ကြားချက် သီးသန့် ထုတ်ထားတာမျိုး မရှိဘူးလို့လည်း တိုင်းစစ်ကောင်စီရုံး အသိုင်းအဝန်းနဲ့ နီးစပ်သူက ပြောပါတယ်။

ဒါပေမယ့် သက်ဆိုင်ရာက ထုတ်ထားတဲ့ ညွှန်ကြားစာ အရဆိုရင်တော့ နိုင်ငံတော်အဖွဲ့အစည်း အမည်ခံပြီး လိုင်စင်မဲ့ ကားစီရင်လည်း ဖမ်းဆီးခံရမှာ ဖြစ်သလို ၊ ပရဟိတ လူမှုကူညီရေး အဖွဲ့အမည်ခံပြီး လိုင်စင်မဲ့ကား အသုံးပြုရင်လည်း ဖမ်းဆီးတာ ခံရမှာလို့ တိုင်းယဉ်ထိန်းတပ်ဖွဲ့ အရာရှိဟောင်းတဦးက DNA ကို မှတ်ချက်ပေးပါတယ်။

“လက်ရှိအနေအထားမှာတော့ လမ်းပေါ်မောင်းနေတဲ့ ဆိုင်ကယ်နဲ့ ကားတွေ ကို စစ်ကောင်စီ အဖွဲ့တွေက ယာဉ်လိုင်စင် နဲ့ ယာဉ်မောင်း လိုင်စင်တွေကို ပိတ်ဆို့ စစ်ဆေးနေတယ်။ တချို့လည်းအဖမ်းခံ အသိမ်းခံရ တရားစွဲခံရတာတွေ ရှိနေပြီ ။ နေအိမ်တွေ အထိ ဝင်စစ် ဆေးတွေတော့ မတွေ့ရသေးဘူး”လို့  ပုသိမ်မြို့ခံတဦး ကဆိုပါတယ်။

ပရဟိတအသင်းတွေ အနေနဲ့ အသင်း မှတ်ပုံတင်ဖို့၊ အသင်းမတည်ငွေ ဘဏ်စာရင်းသွင်းဖို့၊  လိုင်စင်ကား ဝယ်ယူအသုံးပြုဖို့ဆိုတာ ကျပ်သိန်းတထောင် ဝန်းကျင်ရှိမှသာ ဖြစ်နိုင်မှာမို့လို့ အခက်အခဲတွေ့နေကြပါတယ်။