၁၈၊ဇွန်
“လမ်းကတော့လုံးဝသုံးလို့မရတော့ပါဘူး။ လမ်းလွှဲတော့လုပ်ထားပေမယ့် ကားသေးလေးတွေ သွားဖို့တောင် အဆင်မပြေပါဘူး။ ရေလမ်းကိုသုံးလို့ရပေမယ့် အချိန်ကြာတယ် ခရီးသေချာမပေါက်ဘူးပေါ့ “လို့ ညောင်ကျိုးဒေသခံတဦးက ပြောပါတယ်။
အင်္ဂပူမြို့နယ် အင်္ဂပူ-ညောင်ကျိုး ဆက်သွယ်ရေးလမ်းပိုင်း ကညင်တပင်ရွာမှာ မြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုမှာ လမ်းအကုန်လုံးနီးပါး ပါသွားခဲ့တာကြောင့် ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“ လမ်းကတော့လုံးဝသုံးလို့မရတော့ပါဘူး။ လမ်းလွှဲတော့လုပ်ထားပေမယ့် ကားသေးလေးတွေ သွားဖို့တောင် အဆင်မပြေပါဘူး။ ရေလမ်းကိုသုံးလို့ရပေမယ့် အချိန်ကြာတယ် ခရီးသေချာမပေါက်ဘူးပေါ့”လို့ ညောင်ကျိုးဒေသခံတဦးက ပြောပါတယ်။
အင်္ဂပူ – ညောင်ကျိုး ဆက်သွယ်ရေးလမ်းဟာ ဧရာဝတီမြစ် (ငဝန်မြစ်) ရေကျော်လေ့ရှိပြီး နှစ်စဉ် လမ်းပြုပြင်ရလေ့ရှိတယ်လို့ သိရပါတယ်။
ဒီလမ်းဟာ ညောင်ကျိုးဒေသ ကျေးရွာအုပ်စု ၈ စုအတွက်အရေးပါတဲ့လမ်းတခုဖြစ်တာကြောင့် လမ်းကိုအသုံးပြုလို့မရရင် ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားနိုင်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကမ်းပြိုမှုတွေကြောင့် ရေလမ်းခရီးအတွက် ရေယာဉ်တွေ စီစဉ်ထားပေမယ့် လက်တွေ့မှာတော့ ထင်သလောက် အလုပ်မဖြစ်ခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ကတော့ ကညင်တပင် တံတားသစ်ကနေ လမ်းအူကြောင်း အသစ် ၄မိုင်နဲ့ တဖါလုံကို ဘက်ဂျက်ချ ပေးစေချင်တာပေါ့ဗျာ။ ဘတ်ဂျက်ကျရင် ကျွန်တော်တို့ လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေမယ်။ မချပေးရင်တော့ ခက်ခဲနေဦးမှာပေါ့” လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် တဦးက ဆိုပါတယ်။
အင်္ဂပူ-ညောင်ကျိုး ဆက်သွယ်ရေးလမ်းပိုင်းဟာ နှစ်စဉ်နှစ်တိုင်း ရေကျော်တာ၊ ကမ်းပြိုတာတွေ ဖြစ်လေ့ရှိပေမယ့် အခုအချိန်ထိ ထိရောက်တဲ့ ပြုပြင်မွမ်းမံမှုတွေ မလုပ်နိုင်သေးဘူးလို့လည်း သိရပါတယ်။