ငသိုင်းချောင်းကို ကုန်းလမ်းက စစ်ရှောင်လာသူတချို့ ကန့်သတ်ခံနေရပြီး ရေလမ်းက တိမ်းရှောင်လာသူတွေလည်း စစ်ဆေးခံနေရ

“ နှစ်ဖက်ပစ်ခတ်မှုတွေကြား တိမ်းရှောင်မရဘဲ ပိတ်မိနေတဲ့ဒေသခံတွေလည်း အများအပြားရှိနေတယ်လို့သိရပါတယ်။”

၁၈၊ ဇွန်

အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ကျေးရွာတွေကငသိုင်းချောင်း( ငါးသိုင်းချောင်း)မြို့ကို ကုန်းလမ်းက တိမ်းရှောင်လာသူတချို့ကို စစ်ကောင်စီတပ်က ပိတ်ပင်နေတဲ့အပြင် ရေလမ်းကနေ တိမ်းရှောင်လာသူတွေကိုလည်း တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒေသခံတွေက မနေ့ကရော ဒီနေ့ပါ ကုန်းလမ်းတွေ ပိတ်ထားလို့ ရေလမ်းကနေ စက်လှေတွေနဲ့ ပြေးလာကြတာတွေရှိတယ်၊ PDF တွေ ရောပါလာနိုင်လို့ ငသိုင်းချောင်း ကမ်းနားဆိပ်မှာ  စစ်ဆေးတာတွေ လုပ်နေတာ ၃ ရက်ရှိပါပြီ” လို့ ငသိုင်းချောင်းမြို့ခံတဦးကဒီကနေ့ ဇွန်လ ၁၈ရက်မှာ DNA ကို ပြောပါတယ်။

လေးမျက်နှာမြို့နယ်ထဲက စောပြာ၊ သဲနုကုန်း၊ ချင်းကုန်း၊ ရှမ်းကွင်း၊ ကျားကိုက်ကွင်း၊ ရေဖြူ၊ စိန်ဘောင်၊ လှော်ကထား၊ စိန်တောင်၊ မိုးကုတ်၊ အောက်စု စတဲ့ရွာတွေဘက်မှာ အခုတပတ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး အဲဒီဝန်းကျင်တဝိုက်က ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။

ပုံမှန်ဆိုရင်တော့ အဲဒီဘက်ကဒေသခံတွေအနေနဲ့ ငသိုင်းချောင်းဘက်ကို ပုသိမ်-မုံရွာလမ်းအတိုင်း သွားနိုင်သလို ပုသိမ်မြစ်ကိုဖြတ်ပြီးလည်း ရေလမ်းကနေ သွားလို့ရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ပုသိမ်-မုံရွာ ကားလမ်းပေါ်မှာရှိတဲ့ သဲနုကုန်း၊ စောပြာနဲ့ ကျားကိုက်ကွင်းရွာတွေမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတချို့ကို AA ပူးပေါင်းတပ်တွေ သိမ်းလိုက်တဲ့အပြင် လှော်ကထားဘက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတွေ သိမ်းပိုက်ရရှိမှုအခြေအနေနဲ့ ပတ်သက်လို့တော့ DNA အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

“AA သိမ်းထားတဲ့ ရွာတွေကို (စစ်တပ်ဘက်က) ကုန်းလမ်းယာယီပိတ်ထားတယ်” လို့လည်း ငသိုင်းချောင်းမြို့ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အဲဒီဧရိယာတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းအခက်အခဲကြောင့် တိုက်ပွဲဧရိယာထဲက ဒေသခံတွေနဲ့လည်း ဆက်သွယ်လို့မရသေးပါဘူး။

ဒါ့အပြင် နှစ်ဖက်ပစ်ခတ်မှုတွေကြား တိမ်းရှောင်မရဘဲ ပိတ်မိနေတဲ့ဒေသခံတွေလည်း အများအပြားရှိနေတယ်လို့ သိရပါတယ်။

“ပုသိမ်-မုံရွာလမ်းက ငသိုင်းချောင်းမှ စပြီး ကွင်းကောက်အထိ သွားလို့မရတော့တာတော့ သေချာတယ်၊ အခုက စစ်က လေးမျက်နှာမြို့နားအထိ ရောက်နေပြီ” လို့လည်း လေးမျက်နှာမြို့နယ်ထဲက စစ်ရှောင်အမျိုးသားတဦးက DNA ကို ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေရှိနေတဲ့ စောပြာ၊ ကျားကိုက်ကွင်း၊ ချင်းကုန်း စတဲ့ရွာတွေအပါအဝင် ပုသိမ်-မုံရွာ ကားလမ်း အနောက်ဘက်ခြမ်းရွာတွေက ဒေသခံအများစုဟာ ပန်းတောကြီးရွာဘက် တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဧပြီလကတည်းက တိမ်းရှောင်နေကြတာပါ။

အလားတူပဲ အခုလိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ လေးမျက်နှာမြို့နယ်ထဲက ဒေသတွေနဲ့ ဆယ်မိုင်ကျော်လောက်အကွာ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ အမြောက်တပ်ရင်း(အမတ) ၃၄၄ တဝိုက်မှာလည်း နှစ်ဖက်တိုက်ပွဲတွေဖြစ်နေလို့ အဲဒီတဝိုက် ဒေသခံတွေလည်း ငသိုင်းချောင်းဘက် တိမ်းရှောင်နေကြရပါတယ်။