“ထိုင်းဘက်က နယ်စပ်ဖြတ်သန်းရေးကို ပုံမှန်ပြန်မဖွင့်ပေးဘူးဆိုရင် မနက်ဖြန်ကစပြီး ကမ္ဘောဒီးယားကို အသီးအရွက်တင်သွင်းတာတွေ နယ်စပ်တလျှောက်ပိတ်ဆို့မယ်” လို့ ဟွန်ဆန်က ပြောခဲ့ပါတယ်။
၁၇ ၊ ဇွန်လ
ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား နယ်စပ်အငြင်းပွားမှု ပြဿနာဟာ တဖြည်းဖြည်း အရှိန်မြင့်တက်လာနေပါတယ်။
၂၄ နာရီအတွင်း ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ကန့်သတ်မှုတွေကို ဖြေလျော့မပေးဘူးဆိုရင် ထိုင်းဘက်ကနေ သစ်သီးနဲ့ အသီးအနှံတွေ တင်သွင်းမှု တားမြစ်သွားမယ်လို့ ကမ္ဘောဒီယား ဝန်ကြီးချုပ်ဟောင်း လက်ရှိ အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်က ဇွန်လ ၁၆ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ထိုင်း ၊ ကမ္ဘောဒီးယားနဲ့ လာအိုနယ်စပ်သုံးခု ပေါင်းစုံတဲ့ မြတြိဂံ (Emerald Triangle) လို့ လူသိများတဲ့ အငြင်းပွားဖွယ်ဧရိယာမှာ မေလ ၂၈ရက်နေ့က ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယား စစ်သားတဦးသေဆုံးသွားခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာနေတာပါ။
နှစ်ဖက်စလုံးကတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့အနေနဲ့ ပစ်ခတ်ခဲ့တာလို့ အခိုင်အမာဆိုထားကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းအစိုးရဟာ ကမ္ဘောဒီးယားနဲ့ နယ်စပ်ကို ပိုမိုလုံခြုံရေးတင်းကြပ်လိုက်ပါတယ်။ အဲ့ဒီနောက် ကမ္ဘောဒီးယားကလည်း တပ်အင်အား အသင့်ပြင်ထားဖို့ အမိန့်ထုတ်ခဲ့တဲ့အပြင် ထိုင်းနိုင်ငံကထုတ်လွှင့်တဲ့ ရုပ်ရှင်တွေ ၊ ရုပ်သံအစီအစဉ်တွေကို ကြည့်ရှုခွင့် ပိတ်လိုက်ပါတယ်။ နယ်စပ်ဂိတ်တခုကိုလည်းပိတ်ပြီး ထိုင်းဘက်က အင်တာနက်လိုင်းတွေကိုလည်း ဖြတ်လိုက်ပါတယ်။
ထိုင်းနဲ့ နယ်စပ် အငြင်းပွားမှုကို ကူညီ ဖြေရှင်းပေးဖို့ ကမ္ဘောဒီးယားက နိုင်ငံတကာ တရားရုံး (ICJ)ကို တောင်းဆိုထားပါတယ်။ ကမ္ဘောဒီးယားဟာ နိုင်ငံတကာဥပဒေကို လေးစားမှုနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလိုတာကြောင့် ICJကိုတောင်းဆိုတာလို့ ဆိုထားပေမယ့် နှစ်နိုင်ငံကြားမှာပဲ ညှိနှိုင်းချင်တဲ့ ထိုင်းက ကမ္ဘောဒီးယားဟာ ဒီပြဿနာကို အဆုံးသတ်ဖို့ ဆန္ဒမရှိဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။
ကမ္ဘောဒီးယားဟာ ထိုင်းနဲ့နယ်စပ်မှာရှိတဲ့ ဘုရားကျောင်းတစ်ခု မြေယာအငြင်းပွားမှုနဲ့ ပတ်သတ်ပြီး ICJ ကို အရင်ကလည်း အကူအညီ တောင်းခံခဲ့ဖူးပါတယ်။
၁၉၆၂ နဲ့ ၂၀၁၃ ခုနှစ် တွေမှာ Preah Vihear ဘုရားကျောင်းနဲ့ အနီးက မြေဧရိယာပိုင်ဆိုင်မှုကို ICJ မှာ အဆိုတင်သွင်းရာမှာ နှစ်ကြိမ်စလုံး ကမ္ဘောဒီးယားက နိုင်ခဲ့တာပါ။ ထိုင်းအစိုးရကတော့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို မလက်ခံကြောင်း ပြောခဲ့ပါတယ်။
Source: AFP/lh
#ထိုင်း #ကမ္ဘောဒီးယား #နယ်စပ်အငြင်းပွားမှု #ကုန်စည် #တားမြစ်
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH