မင်နီဆိုးတားပြည်နယ် လွှတ်တော်အမတ်နှစ်ဦး လုပ်ကြံပစ်ခတ်ခံရ

လက်ရှိအမေရိကန်မှာ နက်ရှိုင်းတဲ့ နိုင်ငံရေးအကွဲအပြဲတွေအကြား နိုင်ငံရေးခေါင်းဆောင်တွေ တိုက်ခိုက်နှောက်ယှက်ခံနေရချိန် အခုလို လုပ်ကြံပစ်ခတ်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

၁၅ ၊ ဇွန်

ဇွန်လ ၁၄ရက်နေ့က အမေရိကန်ပြည်ထောင်စု မင်နီဆိုးတားပြည်နယ်မှာ လွှတ်တော်အမတ်ဇနီးမောင်နှံတွေကို ပစ်ခတ်လုပ်ကြံတဲ့ ဖြစ်စဉ် ၂ခု ဖြစ်ပွားခဲ့ပါတယ်။

ရဲအရာရှိအသွင်ဆောင်ထားတဲ့ အမျိုးသားတဦးဟာ ဒီမိုကရက်တစ် ပြည်နယ်လွှတ်တော်အမတ်တဦးနဲ့ သူ့ရဲ့ ခင်ပွန်းဖြစ်သူတို့ကို သူတို့ရဲ့ နေအိမ်မှာ ပစ်သတ်သွားခဲ့ပြီး သီးခြားတနေရာမှာတော့ နောက်ထပ်လွှတ်တော်အမတ်တဦးနဲ့ ဇနီးဖြစ်သူတို့ကိုလည်း ပစ်ခတ်လို့ ဒဏ်ရာရခဲ့ကြပါတယ်။

မင်နီဆိုးတားပြည်နယ် လွှတ်တော်ဥက္ကဌဟောင်းလည်းဖြစ်တဲ့ မီလီဆာ ဟောထ်မန်းနဲ့ သူ့ရဲ့ ခင်ပွန်းတို့ဟာ မနေ့က မနက်အစောပိုင်း Brooklyn Park နေအိမ်မှာရှိနေချိန် ရဲအရာရှိအသွင်ဆောင်ထားတဲ့ အမျိုးသားတဦးက ဝင်ရောက်ပစ်ခတ်လို့ နှစ်ဦးစလုံးသေဆုံးသွားခဲ့ကြပါတယ်။

ဒါ့အပြင် မင်နီဆိုးတားပြည်နယ်အထက်လွှတ်တော်အမတ် ဂျွန်ဟောဖ်မန်းနဲ့ ဇနီးဖြစ်သူတို့ကို အဆိုပါ သေနတ်သမားက အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့တာပါ ။ နှစ်ဦးစလုံး အသက်ရှင်လွတ်မြောက်ခဲ့ပေမယ့် ဒဏ်ရာတွေကို ခွဲစိတ်ကုသနေတယ်လို့ သိရပါတယ်။

ဒါဟာ နိုင်ငံရေးအကြောင်းပြု လုပ်ကြံမှု ဖြစ်ပြီး “ပြည်နယ်အတွက် ခေါင်းဆောင်ကောင်းတယောက်ကို ဆုံးရှုံးလိုက်ရတယ်”လို့ မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူး တင်မ်ဝေါဇ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်ရှိမှာတော့ သံသယရှိသူ သေနတ်သမားကို ရှာဖွေနေပြီး မီလီဆာနဲ့ ဟောဖ်မန်းတို့ရဲ့ အမည်စာရင်းကို သေနတ်သမားရဲ့ ကားထဲမှာ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ကနဦးထုတ်ပြန်ထားပါတယ်။
လုပ်ကြံမှုတွေအတွက် စုံစမ်းစစ်ဆေးရေးမှာ အမေရိကန်ထောက်လှမ်းရေးဗျူရို (FBI) လည်း ပူးပေါင်းသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

လက်ရှိအမေရိကန်မှာ နက်ရှိုင်းတဲ့ နိုင်ငံရေးအကွဲအပြဲတွေအကြား နိုင်ငံရေးခေါင်းဆောင်တွေ တိုက်ခိုက်နှောက်ယှက်ခံနေရချိန် အခုလို လုပ်ကြံပစ်ခတ်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Source: Agencies/zl

#အမေရိကန် #မင်နီဆိုးတား #လွှတ်တော်အမတ် #လုပ်ကြံခံရ
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH