အီရန်မှာ နျူလက်နက်တီထွင်နေတာကို ဟန့်တားဖို့ အစ္စရေးက အကြီးအကျယ် စတင်တိုက်ခိုက်ပြီးနောက် ဇွန်လ ၁၄ရက်နေ့ ဒီမနက်အစောပိုင်းမှာ လေကြောင်းကနေ အပြန်အလှန်ပစ်ခတ်နေကြတယ်လို့ သိရပါတယ်။
၁၄ ၊ ဇွန်လ
အစ္စရေးရဲ့ မြို့ကြီးတွေဖြစ်တဲ့ တီလ်အဲလ်ဗစ်နဲ့ ဂျေရုဆလင်မှာ အရုဏ်မတက်ခင် လေကြောင်းတိုက်ခိုက်မှု အချက်ပေးသံတွေ ပေါ်ထွက်ခဲ့ပြီး ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေဆီ အလျင်အမြန် သွားရောက်ခိုလှုံနေကြရပါတယ်။ အီရန်ရဲ့ မစ်ဇိုင်းဒုံးကျည်တွေကို ကာကွယ်ဖို့ ဒုံးခွင်းဒုံးစနစ်က လုပ်ဆောင်နိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ကပြောပါတယ်။
“ပြီးခဲ့တဲ့ နာရီပိုင်းမှာ အီရန်ဘက်ကနေ အစ္စရေးဆီကို မစ်ဇိုင်း ဒါဇင်နဲ့ချီ ပစ်ခတ်ခဲ့ပါတယ် ၊ တချို့တွေကိုတော့ ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်။” လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ဒါ့အပြင် အီရန်မြို့တော် တီဟီရန်မှာလည်း ပေါက်ကွဲသံတွေကြားရပြီး Mehrabad လေဆိပ်ကို ဒုံးကျည်၂စင်းထိမှန်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက ဖော်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အီရန်ရဲ့ နျူကလီးယားဆိုင်ရာ သိပ္ပံပညာရှင်တွေ ၊ မစ်ဇိုင်းပရိုဂရမ်တွေ ပြုလုပ်နေတဲ့ နေရာတွေကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် အခုလို အပြန်အလှန် ပစ်ခတ်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
အီရန်ဟာ အရည်အသွေးမြင့် ယူရေနီယံကို လက်နက်ထုတ်လုပ်နိုင်ဖို့ တီထွင်စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ ဒါ့ကြောင့် အစ္စရေးက အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အီရန်ဟာ ရက်ပိုင်းအတွင်းနျူကလီးယား ဗုံးတွေတီထွင်နိုင်တဲ့ နျူပစ္စည်းကိရိယာတွေ အလုံအလောက်ရှိနေပြီလို့ အစ္စရေးစစ်ဘက်တာဝန်ရှိသူတဦးက ပြောကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။
အစ္စရေးပေါ်ကို ပစ်ခတ်လာတဲ့ အီရန်ရဲ့ မစ်ဇိုင်းတွေကို အမေရိကန်စစ်တပ်က ကူပစ်ချပေးခဲ့တယ်လို့လည်း အမေရိကန်အရာရှိတွေက ပြောပါတယ်။
Ref – Reuters