၁၊ဇွန်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးအလွန်များပြီး မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်နီးပါးထိ ရေတက်နေပြီး မိုးကလည်း ဆက်လက်ရွာသွန်းဖို့ရှိနေတာကြောင့် ဧရာဝတီနဲ့ ချင်းတွင်းမြစ် အောက်ဘက်ပိုင်း ဒေသတွေအနေနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်လို့ မိုးဇလပညာရှင်တွေက သတိပေးနေကြပါတယ်။
ဒီကနေ့ ဇွန်လ ၁ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ မြစ်ကြီးနားမှာ နေထိုင်ကြသူတွေက ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကို ဆက်တိုက် စောင့်ကြည့် နေကြရာမှာ ၁၀၈၃ စင်တီမီတာထိ တက်လာခဲ့တယ်လို့ မှတ်တမ်းတင်ထားကြပါတယ်။
“ ကျွန်တော်တို့ မြစ်ကြီးနားက စိုးရိမ်ရေမှတ်က ၁၂၀၀ စင်တီမီတာပေါ့နော်။ နှစ်တိုင်း ရေကြီးတာတွေက စိုးရိမ်ရေမှတ်ကို မရောက်ခင်မှာ ကတည်းက ရေကြီးတာတွေဖြစ်တယ်။ တခုက ဒီမှာက အကြာကြီး ရေအိုင်ပြီး ဖြစ်နေတာမျိုး မရှိဘူး။ ဒီရေတွေက အောက်ကို ဆင်းသွားမှာ ဆိုတော့ အောက်ဘက်ကပို ဂရုစိုက်သင့်တယ် ” လို့ မြစ်ကြီးနားက မြစ်ရေကို စောင့်ကြည့်လေ့လာ မှတ်တမ်းရယူနေတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တဦးက ဆိုပါတယ်။
ဒါအပြင် ဧရာဝတီမြစ်ထဲကို စီးဝင်ကြတဲ့ မြစ်တွေရဲ့ မြစ်ရေမြင့်တက်မှုတွေကို စောင့်ကြည့်နေကြပြီး ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေဟာ တဖြေးဖြေး ပြန်လည် ကျဆင်းနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
ချင်းတွင်းမြစ်မှာလည်း ဟုမ္မလင်းမြို့မှာ ဒီကနေ့ စိုးရိမ်ရေမှတ်ထိ ရောက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေပြီး မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ ချင်းတွင်းမြစ်နားနဲ့ ဟုမ္မလင်းမြို့က အနိမ့်ပိုင်းဒေသတွေအတွက် ရေကြီးရေလျှံမှုရှိနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီကနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမှာ ၂၈၃၁ စင်တီမီတာရှိနေပြီး စိုးရိမ်ရေမှတ်ဟာ ၂၉၀၀ စင်တီမီတာဖြစ်ပါတယ်။
ဒါပေမယ့် ဟုမ္မလင်းရဲ့ ဒေသတော်တော်များများဟာ အင်တာနက်နဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက် နေတာမို့ အခြေအနေတွေကို အသေးစိတ် သိရှိရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
“ ဒီရေတွေက အောက်ကိုဆင်းလာမှာ မိုးကလည်း ဇွန် ၄ လောက်ထိရွာနိုင်တယ်။ မြစ်အောက်ဘက် ဒေသအားလုံးအတွက် သတိထားပြီး လိုအပ်တာ ကြိုတင်ပြင်ဆင် ကြရမဲ့အချိန်ပါဘဲ ” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိမှာလည်း ဧရာဝတီမြစ်ကြောင်းတလျှောက်က ဒေသအများစုမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိနေပြီး ရုတ်တရက် ရေကြီးမှု၊ မြေပြိုမှု၊ တောင်ကျချောင်းရေ အရှိန်နဲ့ စီးဆင်းမှုတွေကြောင့် ထိခိုက်မှုတွေဟာ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
ဧရာဝတီတိုင်း ထဲမှာလည်း မြစ်နဲ့ ပင်လယ်နားက ဒေသတွေမှာ ရေကြီးလှိုင်းပုတ်လို့ အိမ်တွေ ရေနဲ့မြောပါတာတွေ၊ ကမ်းပြိုတာတွေ ဖြစ်နေပါတယ်။
#ဧရာဝတီ #ချင်းတွင်း #ရေကြီးရေလျှံ #မိုးလေဝသ #သဘာဝဘေး
#DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH