နွေစပါး ရိုးပြတ်ရေပုတ်တွေကြောင့် ဧရာဝတီတိုင်း မြစ်ချောင်းထဲက ငါး၊ပုဇွန်တွေ သေဆုံးမှုရှိ

 

“ငါးဇင်ရိုင်း၊ငါးဘတ် အဲလိုဟာတွေ ၊ ခေါင်းလေးတွေ ထောင်ပြီး အသက်တက်ရှုကြတယ်။ ဒိုင်းဝိုင်းနဲ့ ခပ်ယူ ယုံပဲ”လို့ ကျိုက်လတ် မအူပင် အစပ် ခမုံမြစ်ဘေးမှာ နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။

၂၃၊ဧပြီ။

ဧရာဝတီတိုင်း အတွင်းက  မအူပင် ၊ ကျိုက်လတ် ၊ ဝါးခယ်မ နဲ့ မော်ကျွန်းမြို့နယ်တွေက  မြစ်ချောင်းတွေထဲမှာ လယ်ကွင်းတွေဆီက ရိုးပြတ်ရေပုတ်တွေ ဆင်းလာတာကြောင့်  ငါး ၊ ပုဇွန် သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“ငါးဇင်ရိုင်း၊ငါးဘတ် အဲလိုဟာတွေ ၊ ခေါင်းလေးတွေ ထောင်ပြီး အသက်တက်ရှုကြတယ်။ ဒိုင်းဝိုင်းနဲ့ ခပ်ယူ ယုံပဲ”လို့ ကျိုက်လတ် မအူပင် အစပ် ခမုံမြစ်ဘေးမှာ နေထိုင်သူ တဦးက DNA ကိုပြောပါတယ်။

ဧပြီလအတွင်း ဧရာဝတီတိုင်း နေရာအချို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် လယ်ကွင်းတွေ ဆီကနေ အခုလိုရေ ပုတ်တွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီရေပုတ်တွေဟာ မြစ်ချောင်းတွေကို ဆင်းလာတဲ့နောက် ရေသန့်ရှင်းမှုအား နည်းပြီး ငါး ၊ ပုဇွန်တွေ သေဆုံးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သင်္ကြန်မိုးက များလည်းများတော့ ရိုးပျက်တွေမီးမရှို့နိုင်ကြဘူး” လို့ ကျိုက်လတ်မြို့နယ်မှာ နေထိုင်သူ တဦးက ပြောပါတယ်။ ရိတ်ခြွေစက်တွေက ထွက်လာတဲ့ ကောက်ရိုးတွေနဲ့ စပါးရိုးပြတ်တွေဟာ မိုးရေကြောင့် ရေပုတ်တွေ ဖြစ်သွားကြတယ်လို့ ဆိုပါတယ်။

ဒီရေပုတ်တွေကြောင့် မြစ်ရေ ချောင်းရေတွေဟာ နီညိုရောင် ပြောင်းသွားပြီး အဲဒီရေထဲမှာ ပေါ်နေတဲ့ ငါး ၊ ပုဇွန်တွေကို ဒေသခံ တွေက ဖမ်းယူနေကြပါတယ်။

“*ရှာသလောက် ရတယ်။ လိုသလောက် ပဲရှာကြတာ။ရောင်းလို့မှ မရတာ ။ မဝယ်ကြဘူးလေ ။ နောက်ပြီး ငါးရံ့တို့လို အခြောက်ခွဲလို့ရတဲ့ ငါးမျိုးလည်း မဟုတ်တော့ သိပ်လည်း မယူကြပါဘူး ။ ပုဇွန်လောက်ပဲ ယူကြတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

ခပ်ယူလို့ ရတဲ့ ပုဇွန်တွေထဲမှာ ဂျော့ပုဇွန်တွေက အများစုပါဝင်ပြီး ပုဇွန်ဂျားတွေကတော့ ရှာဖို့ခက်တယ်လို့ ပြောပါတယ်။ အခုလို ရေပုတ်တွေကြားမှာ ဖမ်းယူလို့ရတဲ့ ငါးတွေ ၊ ပုဇွန်တွေဟာ သာမာန်ထက် ပိုပြီး ညှီနံ့ရှိတယ်လို့လည်း သိရပါတယ်။

“ရိုးပျက်တွေကို မိုးမရွာခင် မီးရှို့နိုင်တဲ့ နှစ်ဆိုရင် ဒီလိုမဖြစ်ဘူး” လို့လည်း  ဒေသခံတဦးကပြောပါတယ်။

ဒေသခံတွေအနေနဲ့ သောက်သုံးရေကို သိုလှောင်ထားတာကြောင့် မြစ်ရေ၊ချောင်းရေတွေ ပုတ်နေပေမယ့် အခတ်အခဲ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ချိုးရေနဲ့ သုံးရေကတော့ ရေပုတ်တွေကြောင့် လက်ရှိအချိန်မှာ အခတ်အခဲ ဖြစ်နေရပါတယ်။

“ရေပုတ်တွေ ချိုးရင် ယားတယ်။ ရေစပုတ်တာကတော့ ၁၈ ရက် (ဧပြီ) နေ့လောက်က စတာ။ ရေထ ရက် မတိုင်ခင် အထိတော့ ဒီလိုပဲ ပုတ်နေမှာ” လို့ မော်ကျွန်းမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဒေသခံ လယ်သမားတွေဟာ ရေပုတ်တွေထဲမှာ ထွန်စက်တွေမောင်းပြီး စပါးပျိုး ကြဲနေကြပါတယ်။

“သကြန်မိုးက ကောင်းနေလို့ ပျိုးကြဲတာနောက်ကျတာ။ စပါးထွက်ချိန် မိုးမမိဖို့ အခုနေသာတုန်း အသည်းအသန် လုပ်ကြရတာ”လို့ ဒေသခံ လယ်သမားက ပြောပါတယ်။