စာဘိုင်စကယ်လေးရဲ့ ပဲ့ကိုင်ရှင်

ဖေဖော်ဝါရီ၊ ၁၃

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဟင်္သာတမြို့မှာပေါ့။ပြိုင်ဘီးလေးရဲ့နောက်မှာကယ်ရီယာခုံတပ်၊ စာအုပ်တွေထည့်ထားတဲ့ ပုံးအစိမ်းလေးတင်ပြီးမြို့ကို ပတ်နေသူတဦးရှိလေရဲ့။

သူနာမည်က ကိုလင်းခေတ်ဇော်။စက်ဘီးလေးကိုတော့ သူကအခုလို့တင်စားအမည်ပေးထားတယ်။

“စာဘိုင်စကယ်”တဲ့။

 “နာမည်က လှတယ်ဆိုပေမယ့် ကျွန်တော်တွေးတာ ရိုးရိုးလေးပါပဲ။ စာအုပ်တွေတင်ဆောင်လာတဲ့ ဘိုင်စကယ်လေးပေါ့ စာဘိုင်စကယ်ပေါ့”လို့ စာဘိုင်စကယ် မွေးဖွားလာပုံကို ကိုလင်းခေတ်ဇော်ကရှင်းပြပါတယ်။

စာဘိုင်စကယ်လေးက စာအုပ်တွေ ငှားရမ်းဖတ်ရှုလိုသူတွေဆီသူ့သခင်နဲ့အတူ ပို့ဆောင်ပေးရတာပါ။ စာဖတ်ဝါသနာပါသူတွေဆီ အကျိုးအမြတ်တစုံတရာ မယူဘဲ အသိပညာ၊ဗဟုသုတ ဝေမျှပေးနေတာလည်းဖြစ်ပါတယ်။

“ကျွန်တော့်စာအုပ်တွေချည်းပါပဲ။ အခမဲ့ငှားပေး အခမဲ့ပို့ပေး အခမဲ့ပြန်သွားယူပေးပါတယ်” လို့  စာဘိုင်စကယ် – ဟင်္သာတ ကိုတည်ထောင်သူလည်းဖြစ်သူကိုလင်းခေတ်ဇော်က ပြောပါတယ်။

ကိုလင်းခေတ်ဇော်ရဲ့ဇာတိကတော့ ဧရာဝတီ တိုင်း မအူပင်မြို့နယ်ဖြစ်ပါတယ်။ သူက စာဖတ်တာကို အားပေးတဲ့ မိဘအသိုင်းအဝိုင်းမှာ ကြီးပြင်းလာလို့ ငယ်စဥ်ကတည်းက စာအုပ်တွေနဲ့ ရင်းနှီးခဲ့တာပါ။ ညီအကိုထဲမှာလည်း သူကအကြီးဆုံးဖြစ်လို့ ဖခင်ဖြစ်သူဝယ်လာပေးတဲ့ ကာတွန်းစာစောင်တွေကို ညီငယ်တွေကို ဖတ်ပြပေးရတယ်လို့လည်း ကိုလင်းခေတ်ဇော်ကဆိုပါတယ်။ အဲဒီလိုနဲ့ စာအုပ်တွေနဲ့ရင်းနှီးလာတဲ့ ကိုလင်းခေတ်ဇော်ဟာ လေးတန်းကျောင်းသားလောက်ကတည်းက ဝတ္ထုတချို့ကို စွဲစွဲလမ်းလမ်းဖတ်တက်နေပါပြီ။

ငယ်စဉ်ကတည်းက စာပေနဲ့ မစိမ်းလှတဲ့ ကိုလင်းခေတ်ဇော်မှာ  အိပ်မက်တွေလည်း ရှိနေပါတယ်။ စာရေးဆရာတယောက်ဖြစ်ဖို့ပါ။

ရှစ်တန်းအောင်ပြီးတဲ့နောက်မှာတော့သူဟာ မြစ်ဝကျွန်းပေါ်မြို့လေးကနေ ရန်ကုန်မြို့ကြီးကို အိပ်မက်တွေပွေ့ဖက်ပြီး ထွက်ခွာလာတော့ပါတယ်။

ရန်ကုန်က လက်ဘက်ရည်ဆိုင်တခုမှာ သာမာန်အလုပ်သမားတဦးအဖြစ် စလုပ်ကိုင်ပြီး မုန့်ဖုတ်ဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုနိုင်လာချိန်မှာတော့စာအုပ်တွေကို စုဆောင်းဖို့ အခွင့်အလမ်းပိုရရှိခဲ့တာပါ။

ဒါတင်မကပါဘူး။ သူဝါသနာကြီးတဲ့ စာအုပ်၊စာပေတွေနဲ့ ပိုမိုထိတွေ့စေနိုင်တဲ့ အခွင့်အရေးတရပ်ကိုလည်း ကိုလင်းခေတ်ဇော်ရရှိခဲ့ပါသေးတယ်။ ဆရာတဦးရဲ့ စာကြည့်တိုက်မှာ စာကြည့်တိုက်မှူးအဖြစ် လုပ်အားပေးခွင့်ရရှိခဲ့တာပါ။ အဲဒီကနေစပြီး စာကြည့်တိုက်တခု တည်ထောင်ချင်တဲ့ ကိုလင်းခေတ်ဇော်ရဲ့ စိတ်ကူးတွေ ပိုထက်သန်လာတာလို့လည်းဆိုနိုင်ပါတယ်။

ရန်ကုန်မှာ နေထိုင်ခဲ့စဥ်ကာလတလျှောက်မှာလည်း ကိုလင်းခေတ်ဇော်က သူ့အိပ်မက်ဖြစ်တဲ့ စာရေးဆရာတဦးဖြစ်ဖို့ ခြေလှမ်းစတင်နိုင်ခဲ့ပါတယ်။ မဂ္ဂဇင်းတွေမှာဝတ္ထုနဲ့ကဗျာတွေရေးသားရင်းစာပေလောကထဲ ဝင်ရောက်နိုင်ခဲ့တာပါ။

ဒါပေမယ့်ခေတ်ကာလအခြေအနေတွေအရ

သွေးနေဆဲကလောင်သွားဟာ ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး ကျင်လည်ရာ ရန်ကုန်မြို့တော်ကနေ ဟင်္သာတကို  ပြောင်းရွေ့နေထိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။

မုန့်ဖုတ်တာနဲ့ လက်ဖက်ရည်ဆိုင်ကို စီမံခန့်ခွဲနိုင်မှု ကျွမ်းကျင်တဲ့သူ့အတွက် ဟင်္သာတမှာလည်း အလုပ်အကိုင် အဆင်သင့်ရှိနေခဲ့ပါတယ်။ 

အဲဒီနောက်စာဘိုင်စကယ်ကို ၂၀၂၂ ခုနှစ်ကဟင်္သာတမှာ စတင်ခဲ့တာပါ။

“ကျွန်တော်လုပ်နေတဲ့ လက်ဖက်ရည်ဆိုင်မှာလည်း စာအုပ်တွေဖတ်ဖို့ ထားထားတယ်။ လက်ဖက်ရည်လေးတခွက်နဲ့ စာအုပ်လေးတအုပ်ဆိုတာ စည်းစိမ်ဗျ” လို့ ကိုလင်းခေတ်ဇော်က ဆိုပါတယ်။

သူ့ဆီမှာရှိနေတဲ့ ရာနဲ့ချီစာအုပ်တွေကို တယောက်တည်း ဖတ်လိုက်၊ထိန်းသိမ်းနေရမယ့်အတူတူ တခြားသူတွေကိုလည်း စာအုပ်တွေကိုမျှဝေဖတ်နိုင်ဖို့ ကြိုးစားမယ်ဆိုပြီး ကိုလင်းခေတ်ဇော်စိတ်ကူးခဲ့တာပါ။

သူလုပ်ချင်တဲ့ စာကြည့်တိုက်တခု အကောင်အထည်မဖော်နိုင်သေးခင်မှာ စာဘိုင်စကယ်ကို စတင်ရင်း အိပ်မက်တခုကို ကိုလင်းခေတ်ဇော်ပုံဖော်ခဲ့တာလည်းဖြစ်ပါတယ်။

စာအုပ်ငှားပေးတာကို နည်းလမ်းပေါင်းစုံနဲ့ လုပ်လို့ရပေမယ့် သူ့ဆီကိုလာမငှားနိုင်တဲ့သူတွေဆီကိုပါ ပို့ဆောင်ပေးဖို့စဉ်းစားကြည့်တဲ့အခါ စီးတော်ယာဉ် စက်ဘီးလေးဟာ ပို့ဆောင်ရေးယာဉ်အဖြစ်ကို ပြောင်းလဲသွားခဲ့တာပါ။

တကယ်တော့ သူလုပ်နေတာဟာ စာအုပ်ငှားပေးတယ်ဆိုရုံပဲတော့ မဟုတ်ပါဘူး။ စာအုပ်တွေကို ဝေဖန်သုံးသပ်ချက်ရေးပေးတာ၊ စာဖတ်ညွှန်းရေးပေးတာ၊ စာအုပ်ဟာ ဘယ်လိုအကြောင်းအရာဖြစ်တယ် ဘယ်လောက်ရှည်တယ် စတဲ့အသေးစိတ်အချက်အလက်တွေကို ပြုစုပြီး စာဘိုင်စကယ် – ဟင်္သာတ ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပေ့ချ်လေးမှာ တင်ပေးလေ့ရှိပါတယ်။

ကိုလင်းခေတ်ဇော်ရဲ့စိတ်ကူးကိုသဘောကျတာကြောင့် လေးမျက်နှာမြို့နယ်က မိတ်ဆွေတဦးကလည်း စာဘိုင်စကယ်ကို လုပ်ကိုင်နေတာပါ။

ဒါကြောင့် စာဘိုင်စကယ် – ဟင်္သာတ၊ စာဘိုင်စကယ် – လေးမျက်နှာရယ်လို့ နာမည်တွေ ပေးထားကြတာဖြစ်ပါတယ်။

စာဘိုင်စကယ် – ဟင်္သာတနဲ့ပတ်သက်လို့ ဘယ်လိုအထောက်အပံ့မျိုးကိုမှ လက်ခံထားတာမရှိပဲ လည်ပတ်မှု အကုန်လုံးကို ကိုလင်းခေတ်ဇော်ပဲ ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်နေတာပါ။

အလုံးစုံကို တယောက်တည်းတာဝန်ယူပြီး လုပ်ရတဲ့အခါ ဘာတွေခက်ခဲတာမျိုးရှိလဲလို့ DNA ကမေးတဲ့အခါ သူက “အေးဗျ” လို့အစချီက ရယ်ရယ်မောမောနဲ့ အခုလိုပြောပါတယ်။

“ခက်တာကတော့ဗျာ ကျွန်တော်က ဟင်္သာတမှာပါဆို မှော်ဘီတို့ မန္တလေးတို့ကနေ လှမ်းငှားကြတာမျိုးပေါ့”

ဒါပေမယ့်လည်း ဟင်္သာတဖက်မှာတော့

စာအုပ်ငှားသူတွေနဲ့ ဆက်ဆံရာမှာငှားမယ်၊ ပို့မယ် စတဲ့ကိစ္စရပ်တွေကို ကြိုတင်ညှိနှိုင်း အကြောင်းကြားလေ့ရှိတာကြောင့် အခက်အခဲသိပ်မရှိဘူးလို့လည်းသူကဆိုပါတယ်။

လုပ်ငန်းစဉ်တခုလုံးဟာလည်းသူ့ကိုပင်ပန်းစေတယ်လို့ ခံစားရတဲ့ ပြဿနာမျိုးတွေ မရှိဘူးလို့ ကိုလင်းခေတ်ဇော်ကဖွင့်ဟပါတယ်။

“စဉ်းစားကြည့်ဗျာ ကျွန်တော်ချစ်တဲ့ စက်ဘီးရယ်၊ စာအုပ်တွေရယ်၊ နယ်မြို့လေးက နွေမိုးဆောင်း အငွေ့အသက်လေးတွေရယ်၊ခုလိုချိန်ဆို ရိုးပြတ်တွေဆီကလာတဲ့ အနံ့သင်းသင်းလေးတွေကိုဖြတ်ကျော်ပြီး စာအုပ်တွေပို့ရတယ်။ ပုံမှန်ဆို သွားဖြစ်မှာမဟုတ်တဲ့ နေရာတချို့ဆီသွားပို့ရတယ်။ ကျွန်တော့်အတွက်တော့ ကျေနပ်ကြည်နူးစရာတွေပါပဲ” လို့ ဆိုပါတယ်။

လက်ရှိမှာလည်း တလကို စာအုပ်တရာဝန်းကျင် စာဘိုင်စကယ်ဆီကငှားရမ်းဖတ်ရှူသူတွေထံ အခမဲ့ပို့ဆောင်ပေးနေရတာပါ။

အသက် ၄၀ဝန်းကျင် လူပျိူကြီး ကိုလင်းခေတ်ဇော်အတွက်တော့စာအုပ်ဝယ်ဖို့နဲ့စက်ဘီးစီးဖို့ဆိုတဲ့ အကြောင်းအရာတွေ ရှိလာတာကိုက ကောင်းမွန်တဲ့ အခြေအနေလို့ သူကမှတ်ယူထားတာပါ။

စက်ဘီးစီးရတာကို ဝါသနာပါသူဖြစ်တာကြောင့် ဒီစာအုပ်တွေကို မပို့ပေးရရင်လည်း စက်ဘီးကတော့ စီးနေဦးမှာဖြစ်သလို စာဖတ်ဖို့အတွက်လည်း ကိုယ့်ဘာသာ ဝယ်နေဦးမှာမလို့ရှိပြီးသား စာအုပ်တွေကို ငှားပေးရတာဟာလည်း ဝန်ထုတ်ဝန်ပိုး မဖြစ်စေဘူးလို့ သူက ရှင်းပြပါတယ်။

စာအုပ်အငှားဆိုင်တွေ ပျောက်ကွယ်၊ စာပေတိုက်၊စာအုပ်အရောင်းဆိုင်ကြီးတွေတောင် ခက်ခဲနေကြတဲ့ကာလမှာ ကိုလင်းခေတ်ဇော်လိုလူမျိုးတွေရှိနေတာက စာပေချစ်မြတ်နိုးသူတွေအတွက်တော့ အားတက်စရာတခုဆိုရင်လည်းမမှားနိုင်ပါဘူ။

သူဝါသနာအရ ဖန်တီးပုံဖော်ခဲ့တဲ့စာဘိုင်စကယ်နဲ့ပတ်သတ်လို့တော့ ကိုလင်းခေတ်ဇော်က အခုလို DNAကိုပြောပြပါတယ်။

“ကျွန်တော့်အတွက်တော့ ကျွန်တော်လုပ်ချင်တာကို ကျွန်တော့်လက်နဲ့ ကိုယ်တိုင်လုပ်ကိုင်နိုင်တဲ့ အနုပညာလေး တခုပါပဲ”