အာဏာသိမ်း လေးနှစ်အတွင်း ဧရာဝတီဒေသခံ ပြောက်ကျား တပ်ဖွဲ့ဝင် တရာကျော် ဖမ်းဆီးခံခဲ့ရ

Photo – စစ်ကောင်စီ (ပုံစာ – ၂၀၂၁ ခုနှစ် ဇွန်လက မြန်အောင်မြို့နယ်အတွင်း ဖောက်ခွဲရေးသင်တန်းလုပ်နေသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့စဉ်။)

ဖေဖော်ဝါရီ၊ ၁၂

ဧရာဝတီတိုင်းအတွင်းရှိ နေရာအနှံ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အတွင်း စစ်ကောင်စီ ထောက်တိုင်တွေကို ပစ်မှတ်ထားတဲ့ ပြောက်ကျားတိုက်ခိုက်မှု သုံးရာကျော်လုပ်နိုင်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင် တရာကျော်လည်း လက်ရှိအချိန်ထိ အဖမ်းခံထားရတယ်လို့ ဧရာဝတီတိုင်း ပကဖ စစ်ရေး တာဝန်ခံ ကိုဂျိုကာက ပြောပါတယ်။
“ဒီအရေအတွက်(ပြောက်ကျားတိုက်ခိုက်နိုင်မှု)က အခြား တိုင်း၊ ပြည်နယ်တွေနဲ့ ယှဥ်ရင်တော့ အရမ်းကြီးများတဲ့ ပမာဏာ မဟုတ်ဘူး၊ အရမ်း ကြီး သိသာထင်ရှားပြီးတော့ အရမ်းကြီး highlight(ပေါ်လွင်) ဖြစ်နေတဲ့ လှုပ်ရှားမှု ဧရာဝတီတိုင်းမှာ မရှိသ လောက်နည်းတယ်ပေါ့နော်၊ ဒါပေမယ့် လှုပ်ရှားမှု တခုချင်းစီတိုင်းမှာ ဧရာသား ရဲဘော် ရဲဘက်တွေ အသက်ပေး ခဲ့ရတာ၊ ကိုယ်လက်အင်္ဂါစွန့်ခဲ့ရတာ” လို့ ကိုဂျိုကာက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က တကျော့ပြန် အာဏာသိမ်းလိုက်ပြီး အစောပိုင်းကတည်းက ဧရာဝတီဒေသခံ လူငယ်၊ လူလတ်အများအပြား နီးစပ်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဆီမှာ စစ်ပညာသွားသင်ခဲ့ကြပြီး တချို့က သက်ဆိုင်ရာတပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်နေသလို တချို့ကလည်း ဧရာဝတီမှာ ပြန်လည်အခြေချပြီး ပြောက်ကျားတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၁ ရက်ညက ပြုလုပ်တဲ့ “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း” ရန်ပုံငွေရှာဖွေရေး ကမ်ပိန်းရဲ့ စကား ဝိုင်းမှာ ကိုဂျိုကာက အခုလို ပြောသွားတာပါ။
“နောက်ပြီး အခုချိန်အထိ အကျဥ်းထောင်ထဲမှာ ကျွန်တော်တို့ရဲဘော် ရာဂဏန်းကျော်ပေါ့နော်၊ (အကျဥ်း)ကျခံ နေရတဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေ အများကြီးရှိတယ်” လို့လည်း ကိုဂျိုကာက ပြောပါတယ်။
စစ်အာဏာသိမ်းပြီး နှစ်လခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လအလယ်လောက်ထိ ဧရာဝတီတိုင်းထဲမှာ သပိတ်လှုပ် ရှားမှုတွေ ရှိခဲ့ပြီး ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် သပိတ်လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီးနောက် ဧပြီလအတွင်းမှာပဲ ဧရာဝတီတိုင်းအတွင်း ပြောက်ကျားတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြောက်ကျားတိုက်ခိုက်မှုတွေအနေနဲ့ကတော့ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးတာ၊ စစ် ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးတွေကို တိုက်ခိုက်တာနဲ့ စစ်ကောင်စီသတင်းပေးလုပ်တယ် ဆိုသူ တွေ၊စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်တာတွေ အဓိက လုပ်ဆောင်ခဲ့ ကြတာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ၊ ဇွန်လ ၂၀ ရက်နေ့က ပုသိမ်ဟိုတယ်အရှေ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်တဲ့ ပုသိမ်မြို့ ပြပြောက်ကျားအဖွဲ့(PSTF) တပ်ဖွဲ့ဝင် ရှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၃ ဇန်နဝါရီထဲမှာတော့ သူတို့ထဲက နှစ်ဦးကို ၁၅ နှစ်စီနဲ့ ကျန်တဲ့ ခြောက်ဦးကို စစ်ကောင်စီက ထောင်ဒဏ်ဆယ် နှစ်စီ ချမှတ်ခဲ့ပါတယ်။
အလားတူ ​၂၀၂၂ ခုနှစ်၊ သြဂုတ်လကုန်လောက်မှာလည်း ဖျာပုံနဲ့ မအူပင် ဒေသခံပြောက်ကျားတပ်ဖွဲ့နှစ်ခုက တပ်ဖွဲ့ဝင် ၁၉ ဦးအထိ လက်နက်တချို့နဲ့ ဖမ်းဆီးခံခဲ့ရပြီး သူတို့ထဲက ဖျာပုံအခြေစိုက် Black Dragon Force Pyapon ပြောက်ကျားအဖွဲ့က တပ်ဖွဲ့ဝင် ၉ ဦးကို စစ်ကောင်စီက သေဒဏ်တွေချမှတ်ထားပါတယ်။
အဲဒီလို သေဒဏ်ချမှတ်ခံရတဲ့အထဲပါတဲ့ ဦးနှောက်ရေအိတ်တည် ရောဂါအခံရှိသူ ကိုစံလင်းစံကတော့ စစ်ကြော ရေးမှာ ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့ဒဏ်တွေကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲမှာ အကျဥ်းထောင်အတွင်း သေဆုံး သွားတယ်လို့လည်း သိရပါတယ်။
“ဧရာဝတီတိုင်းရဲ့ တော်လှန်ရေးအစ လှုပ်ရှားမှုကတော့ UG(ပြောက်ကျားတိုက်ခိုက်မှု)က စတာပေါ့၊ ရတဲ့နည်းနဲ့ တော့ ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်၊ တခြားတိုင်းတွေ တခြားပြည်နယ်တွေလို အရမ်းကြီး မလုပ်နိုင်ပေမယ့် ဒီ UG လှုပ်ရှားမှုကိုတော့ ရဲဘော်တွေရဲ့ အသက်တွေ ဘဝတွေ ပေးပြီးတော့ ကျွန်တော်တို့လည်း အင်တိုက် အားတိုက် ကြိုးစားခဲ့ပါတယ်” လို့ ကိုဂျိုကာက ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီလက်ထဲကနေ ဧရာဝတီတိုင်းကို ပြန်ယူမယ်ဆိုတဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်ဖို့ ၂၀၂၂ ခုနှစ် အစပိုင်းကတည်းက UG လှုပ်ရှားမှုတွေကနေ အပြန်အလှန်တိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ ကြတယ်လို့ သိရပါတယ်။
“ဒီအိပ်မက်ကို အကောင်ထည်ဖော်တဲ့နေရာမှာ UG လှုပ်ရှားမှု တခုတည်းနဲ့ မရဘူးဆိုတာ သိလာတယ်ပေါ့နော်၊ အင်နဲ့အားနဲ့ ထုတခုနဲ့ ခိုင်ခိုင်မာမာတိုက်မှ ရမယ်ဆိုတဲ့ ပုံစံကို ကျွန်တော်တို့ မြင်လာခဲ့တာပါ” လို့လည်း ဧရာဝတီ တိုင်း ပကဖ စစ်ရေးတာဝန်ခံ ကိုဂျိုကာက ပြောပါတယ်။
လက်ရှိမှာတော့ ဧရာဝတီတိုင်းအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုး ရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းထားပြီး အဲဒီအောက်မှာတော့ ဗျူဟာ ၂၉ (ဧရာဝတီ PDF) ကို ထားရှိပါတယ်။
“အသီးသီးကနေ တိုင်ပင်ပြီးတော့ ကျွန်တော်တို့ ထုတခုရအောင် တည်မယ်ပေါ့နော်၊ ဘယ်လောက်ခက်ခဲ တဲ့ အနေ အထားဖြစ်ဖြစ် ငါတို့ရအောင်ကျော်ဖြတ်မယ် ဆုံးဖြတ်ပြီးတော့ အရမ်းခက်ခဲပါတယ်ဆိုတဲ့ ဧရာဝတီ တိုင်း ထဲမှာ တပ်ရင်းတွေစပြီး တည်ခဲ့တာပေါ့၊ ဒါက ၂၀၂၁ အကုန် ၂၀၂၂ အစဆိုတော့ ကြာပါပြီ၊ အဲဒီကတည်းက စပြီး တော့ ကျွန်တော်တို့ ဗျူဟာ ၂၉ ဖြစ်လာဖို့ သန္ဓေပဲ ပြောရမှာပေါ့” လို့ ကိုဂျိုကာက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လေးနှစ်နီးပါးကြာတဲ့အထိ တည်ငြိမ်နေခဲ့တဲ့ ဧရာဝတီတိုင်းအတွင်း အခုနှစ် အ စော ပိုင်းကစလို့ အာရက္ခတပ်တော်(AA)ဦးဆောင်တဲ့ပူးပေါင်းတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာခဲ့ပြီး လက်ရှိ အချိန်အထိ ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေထဲက ဒေသတချို့ မှာ စစ်ကောင် စီတပ် တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
ဒါ့အပြင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ အဖွဲ့ဝင်ဟောင်းတွေနဲ့ လူငယ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့(PLF)နဲ့ ပြည်သူ့ညီညွတ်ရေးတပ်ဦး(PUF)တို့ကလည်း ဧရာဝတီတိုင်းအတွင်း စစ်ရေး ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။
လက်ရှိ ဧရာဝတီတိုင်းအတွင်းတိုက်ပွဲတွေနဲ့ပတ်သက်လို့ NUG ကရော ဧရာဝတီနဲ့ဆက်စပ်တဲ့ တခြား တော် လှန်ရေးအင်အားစုတွေကပါ ထုတ်ဖော်ပြောဆိုတာမရှိပေမယ့် ဧရာဝတီမှာ စစ်ရေးဖော်ဆောင်တော့ မယ့် အကြောင်း အသိပေးထုတ်ပြန်တာတွေရှိနေတာပါ။
အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တာဝန်ရှိသူတွေကတော့ အခုနှစ်အတွင်း ဧရာဝတီတိုင်းဟာ အရေးကြီးစစ်မျက်နှာဖြစ်လာမယ်လို့ ဆိုထားပါတယ်။