ပြည်သူပူးပေါင်းမှုရှိရင် ဧရာဝတီတိုင်းရဲ့ စစ်ရေးစိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ဆို

Photo – AYA PDF

ဖေဖော်ဝါရီ၊ ၉

 
ဧရာဝတီတိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေကြတဲ့ တော်လှန်ရေးတပ်တွေနဲ့ ဧရာဝတီဒေသခံ ပြည်သူ လူထုကြား ချိတ်ဆက်ပြီး လက်တွဲပူးပေါင်းနိုင်ရင် ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေဖော်ဆောင်ရာမှာကြုံရမယ့် စိန်ခေါ် မှုတွေကို အတိုင်းအတာတခုထိ ဖြတ်ကျော်နိုင်လိမ့်မယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ တာဝန်ခံ ကိုအောင်စံရှားက ပြောပါတယ်။
 
“အဓိကကတော့ ဆက်သွယ်ရေး၊ ပြီးရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု၊ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ လက်ရှိမြေပြင်မှာရှိနေတဲ့ အဖွဲ့တွေ အတူပူးပေါင်းဆောင်ရွက်ဖို့၊ ဒီဟာကပဲ ကျွန်တော်တို့ ဖြတ်ကျော်ရမယ့် အ ခြေအနေတခုဖြစ်တယ်၊ ဒီဟာကို ဖြတ်ကျော်နိုင်ရင် ကျွန်တော်တို့ရဲ့ အဓိက အခက်အခဲတခုကို ဖြတ်ကျော်နိုင် မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” လို့ သူက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း” ကမ်ပိန်း စကားဝိုင်းမှာ ဧရာဝတီ တိုင်း၊ ငါးသိုင်းချောင်းဇာတိလည်းဖြစ်တဲ့ ကိုအောင်စံရှားက အခုလို ပြောသွားတာပါ။
 
“ဧရာဝတီတိုင်းမှာဆိုရင် ဗမာလူမျိုးတွေ၊ ကရင်လူမျိုးတွေ၊ ရခိုင်တိုင်းရင်းသားအင်အားစုတွေ၊ လူငယ်တွေ အားလုံးက တက်ကြွတယ်၊ သို့သော်လည်း ၂၀၂၁ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်လို့ရှိရင် သူတို့ရဲ့ ပါဝင်မှု အခန်းကဏ္ဍက လုံးဝ လွတ်လွတ်လပ်လပ် ပါဝင်နိုင်တဲ့အနေအထားမရှိဘူး” လို့လည်း သူက သုံးသပ်ပါတယ်။
 
ဒါပေမယ့် လက်ရှိ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက တပ်ဖွဲ့ဝင် လေးဆယ်ရာခိုင်နှုန်းလောက်ဟာ ဧရာဝတီတိုင်းထဲက လူငယ်တွေလို့ ကိုအောင်စံရှားက ခန့်မှန်းပါ တယ်။
 
ဒါ့အပြင် လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်လာတဲ့ အာရက္ခတပ်တော်(AA)ရဲ့ စစ်ရေးလှုပ် ရှားမှုတွေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာက ဧရာဝတီတိုင်းကို ပစ်မှတ်ထားပြီးဖော်ဆောင်မယ့် စစ်ရေးလှုပ်ရှား မှုတွေရှိလာလို့ ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရင်ကထက် အခွင့်အရေးပို ရလာတယ်လို့လည်း သူကဆိုပါတယ်။
 
အခုနှစ် ဇန်နဝါရီလ ပထမအပတ်ကစလို့ ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်လာတဲ့ AA ရဲ့ ထိုးစစ် အတွင်းမှာတော့ ပုသိမ်မြို့နယ်ထဲက မကျီးဇင်၊ ဘောမိ ကျေးရွာတဝိုက်ရှိ စစ်ကောင်စီအခြေကုပ်ယူထားရာ နေရာတွေကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သလို လက်ရှိအချိန်ထိလည်း ငါးသိုင်းချောင်း၊ သာပေါင်းမြို့နယ် တွေ အတွင်းမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တွေကြား တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
 
ဒါ့အပြင် NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD) အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကလည်း တိုင်းစစ်ဌာန(ဧရာဝတီ) ကို အသစ်ဖွဲ့စည်းပြီး ဧရာဝတီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
 
MOD ရဲ့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တိုင်းစစ်ဌာန(ဧရာဝတီ) ကို စစ် ကြောင်း၊ တပ်ရင်း၊ ဗျူဟာအဆင့်ဆင့်နဲ့ ဖွဲ့စည်းထားတယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန် ထားပြီး မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုထားပါတယ်။
 
“ဒါတွေဟာ အခုမှ တရေးနိုးပြီး ဖြစ်လာတဲ့ ကိစ္စရပ်တွေမဟုတ်ပါဘူး၊ နှစ်နဲ့ချီပြီး ကျွန်တော်တို့ စီစဥ်ထားတဲ့ ကိစ္စရပ်တွေဖြစ်တယ်၊ ဒီအတွက်လည်း ခြေသံလုံလုံဆောင်ရွက်ပေးခဲ့တဲ့ ရဲဘော်တွေ အားလုံးကို ကျေးဇူး တင်ကြောင်း ပြောကြားလိုပါတယ်” လို့လည်း တိုင်းစစ်ဌာန(ဧရာဝတီ) ဖွဲ့စည်းထားတာနဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ကမ်ပိန်းစကားဝိုင်းမှာ ပြောသွားပါတယ်။
 
အလားတူပဲ ၂၀၂၁ ခုနှစ်၊ ဇွန်လကတည်းက ဧရာဝတီဒေသခံ ကျောင်းသားလူငယ်တွေ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ပြည် သူ့လွတ်မြောက်ရေးတပ်ဖွဲ့(PLF)ကလည်း လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်ပြီး စစ်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ဖို့ကြိုးပမ်းနေပါတယ်။
 
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ခံ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တဦးကတော့ ဧရာဝတီတိုင်းထဲရှိ ဒေသအား လုံးနီးပါးကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားနိုင်သေးတာကြောင့် ဧရာဝတီဒေသခံတွေအနေနဲ့ တော်လှန်ရေး လှုပ်ရှားမှု တွေမှာ ပူးပေါင်းပါဝင်လိုစိတ်ရှိကြပေမယ့် အကန့်အသတ်တွေ ကြုံနေရတယ်လို့ ပြောပါတယ်။
 
“အင်တိုက်အားတိုက်ပူးပေါင်းပါဝင်ချင်ပေမယ့် အနီးဆုံးမှာရှိတဲ့ တုတ်ကိုကြောက်နေရတဲ့ အခက်အခဲမျိုး အဓိကကြုံတွေ့နေရတာ” လို့ သူက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်ပြီးနောက် စစ်သားအသစ်အဖြစ် ဧရာဝတီတိုင်းအတွင်းရှိ လူငယ်တွေ အများဆုံး စုဆောင်းခံနေရပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး တာဝန်ရှိသူတွေရဲ့ စစ်မှုထမ်းဥပဒေအကြောင်းပြ ငွေညှစ်တာတွေကိုလည်း ဧရာဝတိုင်းမှာ အများဆုံးကြုံ နေရ ပါတယ်။
 
ဒါ့အပြင် တော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေတဲ့ ဧရာဝတီဒေသခံတွေလည်း သတင်းပေးတိုင်ကြားခံရမှုတွေကြောင့် ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံရတာတွေ မကြာခဏရှိနေပါတယ်။
 
ဒီလိုအခြေအနေတွေကြုံနေရတဲ့တိုင်အောင် PDF ဗျူဟာ ၂၉ အတွက် ပထမဆုံးရန်ပုံငွေရှာဖွေရေးအစီအစဉ် တခုဖြစ်တဲ့ “အိမ်ပြန်မယ့်လှိုင်းဧရာတိုင်း”ကမ်ပိန်းမှာ ပြည်တွင်းနေပြည်သူတွေက အများဆုံးပါဝင်ထောက် ပံ့နေပြီး ကမ်ပိန်းကာလ ရက်နှစ်ဆယ်အကြာမှာ သိန်းငါးထောင်မျှော်မှန်းချက်ရဲ့ ၇၀ရာခိုင်နှုန်းအထိ ရန်ပုံငွေရရှိ ထားပြီလို့သိရပါတယ်။
 
ဧရာဝတီသား SOF တာဝန်ခံ ကိုအောင်စံရှားကတော့ မြေပြင်စစ်ရေးလှုပ်ရှားမှုတွေမှာ မပါဝင်နိုင်တဲ့ ဧရာဝ တီဒေသခံပြည်သူတွေအနေနဲ့ တော်လှန်ရေးကို အထောက်အကူပြုစေမယ့် တခြားကဏ္ဍတွေမှာ အင်တိုက် အားတိုက် ပါဝင်ပေးကြဖို့ တိုက်တွန်းပါတယ်။
 
“ဘဏ္ဍရေးအခြေအနေပေါ်မှာ ပါဝင်နိုင်မလား၊ (စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့) သတင်း အချက်အလက် စီးဆင်းမှုအပေါ်မှာ ပါဝင်နိုင်မလား၊ ဒီကဏ္ဍတွေမှာ ထဲထဲဝင်ဝင်နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း စစ်ဆင်ရေး အစီအစဥ်မှာ အတူတူလက်ချင်းချိတ်ဆက်ပြီးတော့ စစ်အာဏာရှင်စနစ်ကို ၂၀၂၅ မှာ ပြုတ်ကျအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော် တိုက်တွန်းနှိုးဆော်ချင်ပါတယ်” လို့ သူက​ပြောပါတယ်။