စစ်ကောင်စီဗျူဟာမှူး သေဆုံးပြီး တပ်ရင်းမှူးလက်နက်ချခဲ့ရတဲ့ မံစီတိုက်ပွဲ

Photo – KNG

ဒီဇင်ဘာ ၂၅

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ မံစီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဗျူဟာမှူးတဦး သေဆုံးခဲ့ပြီး တပ်ရင်းမှူးတဦးလည်းလက်နက်ချခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

KIAနဲ့ ပူးပေါင်းတပ်တွေက မံစီမြို့ကစစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ ခမရ( ၃၁၉)၊ ခမရ (၆၀၁)နဲ့ အမြောက်တပ်(၅၂၃) တို့ကို ပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်ကထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

တိုက်ပွဲအတွင်း ဒီဇင်ဘာ၂၁ရက်မှာ စစ်ကောင်စီရဲ့ အမှတ် ၈၈ရှေ့တန်းတပ်မဌာနချုပ် အမှတ်၁နည်းဗျူဟာမှူး ဗိုလ်မှုးကြီးအောင်ငြိမ်းချမ်း စနိုက်ပါ ထိမှန်သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။

ဒါ့အပြင် ခမရ ၃၁၉တပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တချို့ကိုလည်း ဒီဇင်ဘာလ၂၄ရက်က ဆုတ်ခွာထွက်ပြေးစဥ် လက်ရဖမ်းမိခဲ့တာဖြစ်ပါတယ်။

“၈၈၁ဗျူဟာမှူးကစနိုက်ပါထိတာ၊ တပ်ရင်းမှူးနဲ့အဖွဲ့ကတော့ ဆုတ်ပြေးဖို့ထွက်ပေါက်မရှိတော့လို့လက်နက်ချတာလို့ကြားပါတယ်”လို့ အထက်ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

အဲဒီသတင်းတွေနဲ့ပတ်သတ်လို့ DNAအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ KIOပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

စစ်ကောင်စီလော်ဘီစာမျက်နှာတွေမှာတော့ မံစီတိုက်ပွဲမှာ ဗျူဟာမှူးသေဆုံးပြီး ခမရ ၃၁၉ ရင်းမှူးလက်နက်ချသွားကာ KIAဖက်က တပ်စခန်းအားလုံးကို ပိတ်ဆို့ထိန်းချုပ်ထားပြီလို့ ရေးသားနေကြတာတွေ့ရပါတယ်။

ဒါ့အပြင် KIAနဲ့ပူးပေါင်းတပ်တွေက မံစီကလက်ကျန်တပ်စခန်းအားလုံးကိုသိမ်းပိုက်လိုက်ပြီလို့ သတင်းရင်းမြစ်အချိုကပြောပေမယ့်လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

KIAက ၂၀၂၄နှစ်ဆန်းပိုင်းကစလို့ ကချင်နဲ့ရှမ်းမြောက်က မြို့၁၃ခုကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။ လက်တလောမှာတော့ ဗန်းမော်၊မံစီနဲ့ခေါင်လန်ဖူးမြို့နယ်တွေကို ထိုးစစ်ဆင်နေတာပါ။