ထားဝယ်ကမ်းနား ဆီသိုလှောင်ကန် မီးလောင်မှု သေဆုံးသူ ၈ ဦးအထိရှိလာ

Photo -Dawei Fire Service Department

အောက်တိုဘာ၊ ၁၅

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်း၊ ထားဝယ်မြစ်ကမ်းမှာ ကပ်ထားတဲ့ စက်သုံးဆီ သိုလှောင်တဲ့ကန် ဒေသအခေါ် ဆီဘောတခု မီးလောင်ပေါက်ကွဲမှုမှာ ၈ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ ထားဝယ်ခရိုင်မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့သူတွေဆီကနေ သိရပါတယ်။ 

“ဖြစ်ဖြစ်ချင်းက ငါးလောင်း(အလောင်း) ထုတ်နိုင်ပြီး ည ကိုးခွဲလောက်မှက နှစ်လောင်းထုတ်နိုင်တာပါ” လို့ ကယ်ဆယ်ရေးမှာ ပါဝင်ခဲ့သူတဦးက DNA ကို ပြောပါတယ်။

သေဆုံးသူတွေထဲ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီးတဦးပါဝင်ပြီး ထားဝယ်နဲ့ မြိတ် ဒေသခံ အလုပ်သမားတွေ ဖြစ်ကြတာလို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူတဦးထပ်တိုးတယ်လို့ သိရပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ DNAက စုံစမ်းနေဆဲဖြစ်ပါတယ်။

ထားဝယ်ခရိုင်အတွင်း စက်သုံးဆီ အဓိကဖြန့်ဖြူးနေတဲ့ ပုဂ္ဂလိက ဆီဘောတွေထဲက တခုဖြစ်တဲ့ အဲဒီ ဆီဘောဟာ မနေ့ ညနေ ၄ နာရီခွဲလောက်က ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပြီး ဒီကနေ့ မနက် ၉ နာရီလောက်ကမှ မီးငြိမ်းသတ်နိုင်ခဲ့တာပါ။ 

မီးလောင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတဦးလည်း ဆေးရုံတက်ရောက် ကုသနေရပြီး နောက်ထပ်အမျိုးသားတဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ 

“ဆီဘောမှာရှိနေတဲ့ သူတွေက ဘယ်လိုမှ ပြေးလွတ်မှာမဟုတ်ဘူး၊ ပေါက်ကွဲသံတချက်ကြားပြီးတာနဲ့ ဝေါခနဲ မီးထလောင်တော့တာ” လို့လည်း မီးလောင်မှုကို မြင်တွေ့ခဲ့ရတဲ့ ထားဝယ်မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။ 

ထားဝယ်မြို့ခံတချို့ကတော့ ဒရုန်းကနေ ဗုံးသီးကျရောက်ပေါက်ကွဲတာကြောင့် အခုလို မီးလောင်ပေါက်ကွဲတာလို့ ပြောဆိုတာတွေရှိနေပေမယ့် မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ Delta News Agency အနေနဲ့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။ 

ထားဝယ်ခရိုင် မီးသတ်တပ်ဖွဲ့ဘက်ကလည်း မီးလောင်ကျွမ်းမှုအခြေအနေကို ထုတ်ပြန်ထားပေမယ့် မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ မဖော်ပြထားပါဘူး။ 

အခုမီးလောင်တဲ့နေရာနဲ့ တလမ်းထဲမှာရှိတဲ့ ထားဝယ်မြို့ ကမ်းနားစျေးအနောက်ဘက်မှာလည်း မနေ့ မနက် ၁၀ နာရီလောက်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဲဒီ ဖောက်ခွဲမှုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၁ တပ်ရင်း(T1)ရဲ့ လက်ရုံးဒရုန်းတပ်ဖွဲ့ဖြစ်တဲ့ Sky Ghost Drone Force က လုပ်ဆောင်ခဲ့တာလို့ ကြေညာထားပါတယ်။