လက်ဘနွန်မှာ အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ စစ်ခေါင်းဆောင် သေဆုံး

စက်တင်ဘာ၊ ၂၁

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော် တောင်ပိုင်းမှာ အစ္စရေးက လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု တခုကြောင့် ဟစ်ဇ်ဘိုလာ ထိပ်တန်း စစ်ဘက် အရာရှိတဦး သေဆုံးသွားကြောင်း သိရပါတယ်။

အစ္စရေး စစ်တပ်က စက်တင်ဘာ ၂၀ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာ ဟစ်ဇ်ဘိုလာ ကွန်မန်ဒို ယူနစ်ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ အီဘရာဟင် အေကွီနဲ့အတူ တခြား ဟစ်ဇ်ဘိုလာ ခေါင်းဆောင်တချို့ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။

ဟစ်ဇ်ဘိုလာတွေကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း အေကွီနဲ့အတူ တခြားခေါင်းဆောင်ပိုင်း တချို့ကို ဆုံးရှုံးခဲ့ရကြောင်း အတည်ပြု ကြေညာသွားပါတယ်။

လက်ဘနွန် အစိုးရ အာဏာပိုင်တွေကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ လူနေသိပ်သည်းရာ ဒါဟိုင်အာ ဧရိယာကို ဦးတည်ခဲ့တာ ဖြစ်ပြီး ၁၄ ဦးထက်မနည်း သေဆုံးခဲ့သလို ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အစ္စရေး စစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဒန်နီရယ် ဟာဂါရီက အေကွီနဲ့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင်တွေဟာ လက်ဘနွန် ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့အတွက် လူနေဧရိယာထဲက တိုက်တလုံးရဲ့ မြေအောက်ခန်းမှာ ပုန်းအောင်းနေခဲ့တာလို့ စွပ်စွဲသွားပါတယ်။

အစ္စရေးဟာ ဇူလိုင်လတုန်းကလည်း နောက်ထပ် ဟစ်ဇ်ဘိုလာ ထိပ်တန်း စစ်ဦးစီး တဦးကို လေကြောင်းတိုက်ခိုက်မှုနဲ့ လုပ်ကြံခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြားက တင်းမာမှုတွေဟာ အရမ်းဆိုးရွားတဲ့ အခြေအနေကို ဦးတည်နေပြီး အရှေ့အလယ်ပိုင်းမှာ နောက်ထပ် စစ်ပွဲတခု ဖြစ်လာနိုင်ခြေကို စိုးရိမ်တကြီး ထောက်ပြမှုတွေပါ ရှိလာပါတယ်။

ဒါ့အပြင် အစ္စရေး အစိုးရက ဂါဇာမှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေကို နောက်ထပ် အဆင့်တခုဆီ ကူးပြောင်းပြီး နိုင်ငံမြောက်ပိုင်း၊ လက်ဘနွန်နဲ့ နယ်စပ်ကို စစ်ဆင်ရေးအရ ပိုမို အာရုံစိုက်သွားမယ်လို့ ကြေညာထားပါတယ်။

အစ္စရေးရဲ့ အဲဒီ ကြေညာချက်အပြီးမှာပဲ လက်ဘနွန်နဲ့ ဆီးရီးယားတို့မှာ ဟစ်ဇ်ဘိုလာတွေ အဓိက အသုံးများတဲ့ ဆက်သွယ်ရေး ကိရိယာတွေ ထောင်နဲ့ချီပြီး ဆက်တိုက် ပေါက်ကွဲခဲ့တာကြောင့် လူတွေ ဒါဇင်နဲ့ချီ သေဆုံးပြီး ထောင်နဲ့ချီ ဒဏ်ရာ ရခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေက အဲဒီဖြစ်ရပ်ဟာ အစ္စရေးလက်ချက်လို့ စွပ်စွဲပြီး လက်တုံ့ပြန်မယ်လို့ ကြွေးကြော်ထားတာကြောင့် အခြေအနေတွေက ပိုပြီး ဆူပွက်လာပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ကို ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ထူထောင်ပြီး အီရန်ရဲ့ အဓိက မဟာမိတ် လက်နက်ကိုင် အင်အားစု တခုအဖြစ် ရပ်တည်နေပါတယ်။ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ဟာ ၂၀၀၆ ခုနှစ်၊ လက်ဘနွန် စစ်ပွဲ ကာလတုန်းက တလကျော်လောက်ကြာအောင် စစ်ခင်း တိုက်ခိုက်ခဲ့ကြဖူးပါတယ်။

Ref: Guardian