တအာင်းဒေသမှာ လာမယ့်နှစ်အတွင်းဖွင့်မယ့် သူနာပြုနဲ့ ကျန်းမာရေးသိပ္ပံ ကောလိပ်အတွက်သင်တန်း သားခေါ်ယူ

Photo – TNLA  (ပုံစာ- TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ CDM ဆရာဝန်တွေဦးဆောင်ကာ ပြည်သူ့ဆေးရုံစတင်ဖွင့်လှစ်လည်ပတ်ခဲ့စဉ်)

သြဂုတ်၊ ၂၃

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ လာမယ့် ၂၀၂၅ ခုနှစ်အတွင်း သူနာပြုနဲ့ ကျန်းမာရေးသိပ္ပံ ကောလိပ်ဖွင့် လှစ်သွားမယ်လို့ PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက DNA ကို ပြောပါတယ်။ 

“အဓိက ရည်ရွယ်ချက်ကတော့ ဝေးလံခေါင်ဖျားတဲ့ တအာင်းဒေသမှာ ကျန်းမာရေးစနစ်တွေ လက်လှမ်းမမှီတဲ့ နေရာမှာ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့” လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင်လက်ရှိ TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာလည်း ပြည်သူ တွေကို ကျန်းမာရေးဝန်ဆောင်မှုတွေ အပြည့်အဝ ပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဖွင့်လှစ်ရတာလို့ လွေးယေဦးက ပြောပါတယ်။ 

ကောလိပ်ရဲ့ ပထမဆုံး အပတ်စဥ်အနေနဲ့ကတော့ နှစ်နှစ်ကြာ တက်ရောက်သင်ကြားရမယ့် Associate Degree Nursing(ADN) တန်းကို ဖွင့်လှစ်မှာဖြစ်ပြီး အဲဒီအတန်းအတွက်တော့ ကျောင်းသားတွေကို စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ 

ဝင်ခွင့်လျှောက်လွှာတွေကိုတော့ နီးစပ်ရာ တအာင်းကျန်းမာရေးဌာနရုံးတွေမှာ ထုတ်ယူနိုင်မှာဖြစ်ပြီး လာမယ့် အောက်တိုဘာ ၁၄ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ 

တက္ကသိုလ်ဝင်တန်း ဒါမှမဟုတ် Grade 12 အောင်မြင်ပြီးတဲ့ အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြားရှိ ကျောင်းသားတွေအနေနဲ့ ဝင်ခွင့်လျှောက်ထားနိုင်မှာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်ခံ စာသင်ကျောင်းတွေကနေ အောင်မြင်ခဲ့သူတွေကိုတော့ လျှောက်ထားခွင့်မပေးထားပါဘူး။ 

ဝင်ခွင့်လျှောက်ထားသူတွေအနေနဲ့ကတော့ စာတွေ့၊ လူတွေ့ ဝင်ခွင့်စာမေးပွဲတွေဖြေဆိုရမှာဖြစ်ပြီး လျှောက်ထား သူတွေထဲကနေ ပထမအပတ်စဥ်အတွက် ကျောင်းသားဦးရေ ၃၀ ကနေ ၅၀ ကြား ရွေးချယ်သွားမယ်လို့ သိရပါတယ်။ 

အဲဒီ ကောလိပ်ကိုတော့ PSLF/TNLA ကျန်းမာရေးဌာနနဲ့ Medical Family Mandalay(MFM) တို့ ပူးပေါင်း ဖွင့်လှစ်မှာဖြစ်ပြီး အပတ်စဥ် (၁)ကိုတော့ လာမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ပထမပတ်မှာ စတင်ဖို့စီစဉ်ထားတယ် လို့ သိရပါ တယ်။

PSLF/TNLA ထိန်းချုပ်ဒေသတွေမှာ အရင်ကတော့ ဆေးဘက်ဆိုင်ရာ သင်တန်းကျောင်းတချို့ရှိခဲ့ပေမယ့် ကောလိပ်အနေနဲ့ ဖွင့်လှစ်နိုင်မှာကတော့ အခုတကြိမ်က ပထမဆုံးဖြစ်မယ်လို့လည်းဆိုပါတယ်။ 

အခုလို ကောလိပ်ဖွင့်လှစ်နိုင်ဖို့အတွက်ကတော့ သင်ကြားပေးမယ့် ဆရာ/ဆရာမ၊ အဆောက်အအုံတွေနဲ့ သင် ထောက်ကူပစ္စည်း ရရှိမှုအပိုင်းတွေမှာ စိန်ခေါ်မှုတွေရှိနေပြီး လက်ရှိမှာတော့ တတ်နိုင်သမျှ ဖြည့်ဆည်း ဆောင် ရွက်နေတယ်လို့လည်း လွေးယေဦးက ပြောပါတယ်။

“လက်ရှိမှာလည်း စစ်ကောင်စီက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ၊ သင်ထောက်ကူပစ္စည်းတွေကို ပိတ် ပင်ထားတဲ့အတွက်ကြောင့် ဒီလိုမျိုး အခက်ခဲတွေတော့ရှိနိုင်ပါတယ်၊ ပြီးရင် လေကြောင်းရန်ကနေလည်း ကြို တင်ပြီးတော့ ကာကွယ်နေရမယ့် အနေအထားဖြစ်ပါတယ်” လို့ လွေးယေဦးက DNA ကို ပြောပါတယ်။ 

ကောလိပ်တက်ရောက်ခွင့်ရသူတွေအနေနဲ့ကတော့ အဆောင်နေထိုင်စရိတ်နဲ့ စားသောက်စရိတ်အနေနဲ့ လစဥ် နှစ်သိန်းကျပ်အပြင် ကျောင်းသားရေးရာ ကိစ္စရပ်တွေနဲ့ တခြားစီမံခန့်ခွဲမှုဆိုင်ရာ ကုန်ကျစရိတ်တွေအနေနဲ့လည်း လစဥ် နှစ်သောင်းကျပ်စီ ပေးသွင်းရမယ်လို့ဆိုပါတယ်။ 

“ဦးစားပေးကတော့ တအာင်းပြည်တွင်းမှာရှိတဲ့ ကျောင်းသားတွေက်ု ဦးစားပေးမှာဖြစ်ပါတယ်၊ နောက်ပိုင်းမှာ တော့ လိုအပ်ချက်အရ ပြောင်းလဲပြီးတော့ ခေါ်ယူတာမျိုးရှိနိုင်ပါတယ်” လို့လည်း PSLF/TNLA ပြောရေး ဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ 

နှစ်နှစ်တာ ပညာသင်ကြားပြီး Associate Degree Nursing(ADN) လက်မှတ် ရရှိပြီးသူတွေအနေနဲ့ကတော့ တအာင်းဒေသအတွင်းက ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်ကြရမှာဖြစ်ပြီး အနည်းဆုံး ဘယ်နနှစ်ထမ်း ဆောင် ရမလဲဆိုတဲ့ ကန့်သတ်ချက်တော့ အတိအကျမရှိသေးဘူးလို့လည်း ဆိုပါတယ်။ 

Associate Degree Nursing(ADN) ရရှိပြီးနောက် သူနာပြုသိပ္ပံဘွဲ့အတွက် ဆက်လက်ပညာသင်ကြား လိုသူ တွေအတွက်လည်း ပညာသင်ကြားခွင့်ရရှိအောင် ကြိုးပမ်းသွားဖို့ရှိတယ်လို့ လွေးယေဦးက DNA ကို ပြောပါ တယ်။ 

PSLF/TNLA အနေနဲ့ကတော့ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် သိမ်းပိုက်ရရှိခဲ့တဲ့ ဒေသ တွေမှာ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းတွေ အစဥ်တစိုက်လုပ်ဆောင်နေပြီး လက်ရှိမှာတော့ နမ့်ဆန်၊ နမ့်ခမ်း၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်နဲ့ မိုင်းလုံ စတဲ့ မြို့တွေမှာ ဆေးရုံဖွ​င့်လှစ် လည်ပတ်နိုင်နေပြီလို့ သိရပါတယ်။ 

အလားတူပဲ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း သိမ်းပိုက်ရရှိထားတဲ့ လားရှိုးမြို့က ပြည်သူ့ဆေးရုံကိုလည်း ကိုးကန့်အဖွဲ့(MNDAA)ရဲ့ အထူးဒေသ (၁) ကျန်းမာရေးဌာနက CDM ဝန်ထမ်းတွေနဲ့ ပူးပေါင်းလည်ပတ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို သြဂုတ်လ ဒုတိယပတ်ကတည်းက စပေးနေပြီလို့ သိရပါတယ်။