မိုးမိတ်က လက်ကျန်စခန်းတွေကို သိမ်းပိုက်နိုင်ပြီလို့ TNLAပြော၊တလကျော်အတွင်း တတိယမြောက် သိမ်းပိုက်ခံရတဲ့မြို့ဖြစ်လာ

Photo – TNLA

ဇူလိုင်၊ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့အနီးက နောက်ဆုံးလက်ကျန်စစ်ကောင်စီစခန်းဖြစ်တဲ့ ဗျူဟာကုန်းကို ဒီကနေ့ မနက် ၁၁နာရီမှာ ရှင်းလင်းသိမ်းပိုက်နိုင်ပြီလို့ တအာင်းတပ် TNLA ဥအတည်ပြုထုတ်ပြန်ပါတယ်။

ဒါကြောင့် မိုးမိတ်မြို့ဟာ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း TNLA၊ MDY-PDF နဲ့ ပူးပေါင်းတပ်တွေ အ ပြီးသတ်သိမ်းပိုက်နိုင်တဲ့ တတိယမြောက်မြို့ဖြစ်လာပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီမတိုင်ခင်က ရှမ်းမြောက် နောင်ချိုမြို့၊မန္တလေးတိုင်း မိုးကုတ်မြို့တို့ကိုသိမ်းပိုက် နိုင်ခဲ့သလို MDY-PDF နဲ့ပူးပေါင်းတပ်တွေကလည်း စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပါတယ်။

လက်ရှိထိုးစစ်တွေစတင်တဲ့ ဇွန်လ ၂၅ရက်ကတည်းက မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်တွေကိုလည်း TNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မိုးမိတ်မြို့ကိုတော့ အခုလလယ်လောက်ကတည်းက စတင်ထိန်း ချုပ် နိုင်ခဲ့ပြီး မြို့အနီးက ဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေခဲ့တာပါ။

စစ်ကောင်စီ  စကခ ၂၁နဲ့ ခလရ ၃၄၈ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ အဲ့ဒီဗျူဟာကုန်းကိုလက်မလွှတ်ရဖို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ခဲယမ်းထောက်ပို့တွေပေးပို့ခုခံခဲ့ပါသေးတယ်။

ဒီကနေ့မှာလည်း စစ်ကောင်စီက မိုးမိတ်ဗျူဟာကုန်းနဲ့ ဒိုးပင်ရွာတို့မှာ Y-12 လေယာဉ်နဲ့ ဗုံး အလုံး ခြောက်ဆယ် နီးပါးကြဲချခဲ့သေးတယ်လို့ TNLA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။မိုးမိတ်တိုက်ပွဲအတွင်း စစ်လက်နက်ခဲယမ်းနဲ့ သုံ့ပန်းရရှိမှုအခြေအနေတွေကိုတော့ TNLA ဘက်ကဖော်ပြလာတာမရှိသေးပါဘူး။

မိုးမိတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်လိုက်တာကြောင့် လက်ရှိ TNLA ပူးပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ ရှမ်းမြောက်မြို့တွေထဲ ကျောက်မဲမြို့ကိုသာ အပြီးသတ်သိမ်းယူနိုင်သာကျန်ပါတော့တယ်။

ကျောက်မဲမြို့ကိုလည်း ပူးပေါင်းတပ်တွေက ထိုးစစ်စအပြီး ရက်ပိုင်းအကြာကတည်းက ထိန်းချုပ်ထားနိုင်ပေမယ့် မြို့အနီးက ခမရ ၅၀၁နဲ့ ၅၀၂ စခန်းတွေကို မသိမ်းနိုင်သေးသလို စစ်ကောင်စီဘက်က စစ်ကူတွေထပ်ပို့ခဲ့ တာ ကြောင့်မြို့တွင်းတိုက်ပွဲထပ်ဖြစ်ခဲ့ပါသေးတယ်။

အလားတူ နောင်ချိုမြို့နယ်မှာလည်း စစ်ကောင်စီက တောင်ခမ်းတပ်နယ်ဘက်ကနေ ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုး စားမှုတွေဆက်ရှိနေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဒီကနေ့လည်း နောင်ချိုမြို့နယ် ရွှေမုဌောရွာမှာ ရင် ဆိုင်တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။