Photo – စစ်ကောင်စီ
ဇူလိုင်၊ ၁၉
အာဏာသိမ်းချိန်မှာ ချက်ချင်းဆိုသလို ယာယီသမ္မတဖြစ်လာတဲ့ ဒုသမ္မတ ဦးမြင့်ဆွေကျန်းမာရေးအခြေအနေဆိုး ရွားနေတဲ့အကြောင်း စစ်ကောင်စီက မနေ့ညကထုတ်ပြန်ပါတယ်။
ဒီလိုထုတ်ပြန် လာတာဟာ စစ်ကောင်စီဘယ်လိုရှေ့ဆက်မလဲဆိုတာတွေအပေါ်ပါ မေးခွန်းထုတ်စရာတွေ ရှိလာ တာကြောင့် ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေထက် ပိုပြီးစိတ်ဝင်စားစရာအကြောင်းအရာတွေပေါ်ပေါက်လာ ပါတယ်။
ပုံမှန်အားဖြင့် အခုလို အခြေအနေတွေဟာ စစ်ကောင်စီက လျှို့ဝှက်ထားတတ်တဲ့အခြေအနေဖြစ်ပါတယ်။ဒါ့ အ ပြင် ဦးမြင့်ဆွေရဲ့ အခြေအနေကိုထုတ်ပြန်လိုက်ချိန်ဟာ ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလတနည်း အားဖြင့် စစ်ကောင်စီသက်တမ်းထပ်တိုးဖို့ နှစ်ပတ်လောက်သာလိုတော့တဲ့အချိန်လည်းဖြစ်ပါတယ်။
ဦးမြင့်ဆွေဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့်ဇွန်လ ၁၈ရက်ကစလို့ ဇူလိုင်လ ၃၀ရက်အထိ ဆေးခွင့်ယူပြီး နေအိမ်မှာ အထူးဆေးကုသမှုအဖွဲ့ရဲ့ အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရတယ်လို့သိရပါတယ်။
အဲ့ဒီဆေးခွင့်ကာလအလွန် နောက်တရက် ဇူလိုင် ၃၁ရက်ဟာ စစ်ကောင်စီအနေနဲ့ လုပ်မြဲအတိုင်း မည်ကာမတ္တ ကာလုံအစည်းအဝေးခေါ်ပြပြီး အရေးပေါ်ကာလ သက်တမ်းခြောက်လထပ်တိုးကြောင်း ကြေညာရမယ့်နေ့ဖြစ် ပါတယ်။
ဒါပေမယ့် ကာလုံအစည်းအဝေးဦးဆောင်ခေါ်ယူပေးမယ့် ယာယီသမ္မတ ဦးမြင့်ဆွေက အိပ်ရာထဲလဲနေတဲ့အခြေ အနေဖြစ်နေတဲ့အပြင် နောက်ထပ် ဒုသမ္မတ တဦးဖြစ်တဲ့ ဦးဟင်နရီဗန်ထီးယူကလည်း အခုနှစ်ဧပြီလကတည်းက ကျန်းမာရေးအရ ရာထူးကနေ အနားယူသွားခဲ့ပါတယ်။
ရွေးကောက်ခံသမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖမ်းဆီးထိန်းသိမ်း အာဏာသိမ်းခဲ့ပြီး အရပ်သားအစိုးရ လက် ထက် ဒုသမ္မတနှစ်ဦးကို ဆက်လက်ထားရှိကာ ၂၀၀၈ အခြေခံဥပဒေအရ တရားဝင်အဖွဲ့အစည်းတရပ်အနေနဲ့ ကြွေးကြော်ရပ်တည်လာခဲ့တဲ့ စစ်ကောင်စီအတွက် ဒုသမ္မတ နှစ်ဦးလုံးမရှိတော့တဲ့ အခြေအနေဖြစ်ပါတယ်။
ဦးမြင့်ဆွေရဲ့လက်ရှိအခြေအနေဟာ အစားအသောက်စားသုံးခြင်းအပါအဝင် နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားမှုတွေ ကိုလုပ်ဆောင်နိုင်မှုမရှိတဲ့အခြေအနေလို့လည်း စစ်ကောင်စီကဆိုထားတာကြောင့် ဇူလိုင် ၃၁ရက်အမီ ကျန်းမာ ရေးပြန်ကောင်းလာဖို့ဆိုတာလည်း ဖြစ်နိုင်ချေအလွန်နည်းတယ်လို့ဆိုနိုင်ပါတယ်။
ဒီအခြေအနေတွေကြောင့် စစ်ကောင်စီအနေနဲ့ ၂၀၀၈အခြေခံဥပဒေအရ ရှေ့ဆက်နိုင်ဖို့ ဘယ်လိုသက်တမ်းတိုး မှာပါလဲ၊ဒါမှမဟုတ်စစ်ရေးနဲ့စီးပွားရေးမှာအထိနာနေပြီးပြည်ပဖိအားတွေလည်းမြင့်တက်နေချိန်မှာစစ်ကောင်စီက ဘယ်လိုခြေလှမ်းအသစ်တွေ ထပ်လှမ်းလာမလဲဆိုတာဟာ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်နေတာပါ။
၂၀၂၁ ကနေ အခုအချိန်အထိ ၂၀၀၈ အခြေခံဥပဒေနဲ့အညီလို့ စစ်ကောင်စီက ပြောဆိုထုတ်ပြန်နေပေမယ့် တကယ် တမ်းမှာ သမ္မတနဲ့ အစိုးရခေါင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းခဲ့တာ၊ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတဆိုပြီး ကာလုံအစည်းအဝေးဦးဆောင်ခေါ်ယူခိုင်းကာ အရေးပေါ်အခြေအနေကြေညာစေခဲ့တာတွေဟာ အခြေခံဥပဒေနဲ့ မညီဘူးဆိုတဲ့ထောက်ပြချက်တွေရှိနေခဲ့တာပါ။
ဒါ့အပြင် ၂၀၀၈ အခြေခံ ဥပဒေအရ ခွင့်ပြုပေးထားတဲ့ အရေးပေါ်ကာလသက်တမ်းက အများဆုံး နှစ်နှစ်လို့ပဲ နား လည်ထားကြပေမယ့် “သာမာန်အားဖြင့်”ဆိုတဲ့စကားရပ်ကိုအသုံးချပြီး စစ်ကောင်စီက သက်တမ်းအကြိမ်ကြိမ် တိုးယူနေတာဟာလည်း အငြင်းပွားစရာအခြေအနေတခုဖြစ်ပါတယ်။
အခုတကြိမ်မှာတော့ အခြေခံဥပဒေအရ စစ်ကောင်စီကိုသက်တမ်းထပ်တိုးပေးပိုင်ခွင့်ရှိသူအဖြစ် ခြောက်လတ ကြိမ် စားပွဲထိပ်မှာနေရာယူ လူလုံးထွက်ပြပေးနေတဲ့ ဦးမြင့်ဆွေတယောက်ကူညီပေးနိုင်မယ့်ပုံမပေါ်တော့ပါဘူး။
စစ်ကောင်စီကတော့ ဒီအခြေအနေအတွက် အဖြေကြိုတင်ရှာဖွေထားပြီးဖြစ်တာကြောင့် ဦးမြင့်ဆွေရဲ့ ကျန်းမာ ရေးအခြေအနေကို အခုလို ထုတ်ပြန်လာတယ်လို့ယူဆရပါတယ်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာ စစ်တပ်ကတင်မြှောက်တဲ့ ဒုသမ္မတ အပါ အဝင် စစ်ဖက်ကခြောက်ဦးနဲ့ သမ္မတအပါအဝင် အရပ်ဖက်ကငါးဦးပါဝင်ပါတယ်။
ကာလုံအဖွဲ့ဝင်အင်္ဂါစဉ်ဖော်ပြထားချက်အရ သမ္မတနဲ့ ဒုသမ္မတတွေပြီးရင် ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ် တော် ဥက္ကဌတွေရှိနေပြီး အဲ့ဒီနောက်မှာမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဌလည်းဖြစ်၊အာဏာသိမ်းချိန်မှာ ပြည်ထောင် စုလွှတ်တော်နာယကအဖြစ်လည်းရှိနေခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်ဟာ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးတွေမှာ တက်ရောက်ပါတယ်။
ကာလုံအဖွဲ့ဝင် အင်္ဂါစဉ်အရ တတိယနေရာက ဦးတီခွန်မြတ်ဟာ လက်ရှိကာလုံအဖွဲ့ဝင်တွေထဲ အမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်လာပေမယ့် ကာလုံအစည်းအဝေးဦးဆောင် ခေါ်ယူပြီး အရေးပေါ်ကာလကြေညာနိုင်တဲ့အခွင့်အာဏာရှိသူ မဟုတ်ပါဘူး။
ကာလုံအဖွဲ့ဝင် အင်္ဂါစဉ်အရ ဆဌမနေရာမှာရှိနေပြီး လက်ရှိမှာ နိုင်ငံတော်သမ္မတသဖွယ် တာဝန်ယူလုပ်ကိုင်နေတဲ့ စစ်ခေါင်းဆောင်ဟာလည်း ၂၀၀၈ အခြေခံဥပဒေအရဆိုရင်တောင် သမ္မတကိုယ်စား အရေးပေါ်ကာလမှာ သမ္မတ ကပေးအပ်တဲ့တာဝန်တွေကို ထမ်းနေရသူသာဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေရဲ့ အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်တွေအရ အရေးပေါ်ကာလအခြေအနေတွေနဲ့ ပတ် သက်လို့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီနဲ့ညှိနှိုင်းဆုံးဖြတ်ပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ထုတ်ပြန် ကြေ ညာနိုင်သူဟာ နိုင်ငံတော်သမ္မတတ ဦးတည်းသာရှိတာပါ။
စစ်ကောင်စီအလိုအရ သမ္မတအစား ယာယီသမ္မတ နာမည်ခံပြီး အရေးပေါ်အခြေအနေကြေညာ စစ်ခေါင်းဆောင် ဆီ အာဏာသုံးရပ်လွှဲပေးလိုက်ကြောင်း ကြေညာနိုင်တဲ့ ဒုသမ္မတနှစ်ဦးလုံးကလည်း တာဝန်ထမ်းဆောင်နိုင်တဲ့ အ ခြေအနေမရှိပြန်ပါဘူး။
ဒီလိုအခြေအနေမှာ စစ်ကောင်စီအနေနဲ့ ၂၀၀၈ အခြေခံဥပဒေအောက်ကနေ ဆက်လျှောက်နေတာကို ရပ်တန့် လိုက်တာ၊တခြားနည်းလမ်းတခုခုသုံးပြီး ကာလုံ အကျပ်အတည်းကို ကျော်လွှားလိုက်တာတွေလုပ်လာနိုင်ပါ တယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်ခင်က စစ်ခေါင်းဆောင်ဟာ အခြေခံဥပဒေကိုလည်း “မလိုက်နာရင်ဖျက်သိမ်း ပစ်ရမယ်” ဆိုတဲ့စကားပြောဆိုခဲ့ဖူးပြီး နောက်ပိုင်းမှာတော့ သူ့ဆိုလိုရင်းဟာ အခြေခံဥပဒေကို ဖျက်သိမ်းဖို့မဟုတ် ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
အကယ်၍ စစ်ကောင်စီအနေနဲ့ စစ်ခေါင်းဆောင်နဲ့လည်း ဆက်ဆံရေးပြေလည်တဲ့ သမ္မတဟောင်းဦးသိန်းစိန် ဦး ဆောင်တဲ့ ကြားဖြတ်အစိုးရအဖွဲ့တခု ဖွဲ့စည်းလာမယ်ဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေကို ခေါက်ထားခဲ့ရမှာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင်တော့ ကြားဖြတ်အစိုးရတရပ်ဖွဲ့စည်းနိုင်တဲ့ ပြဌာန်းချက်မျိုးပြဌာန်းထား တာမရှိပါဘူး။
၂၀၁၅ ရွေးကောက်ပွဲအပြီး ရာထူးက အနားယူပြီးကတည်းက လူမြင်ကွင်းကိုသိပ်ထွက်လေ့မရှိတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်က တရုတ်အစိုးရဖိတ်ကြားချက်အရ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပါတယ်။
သူ့ရဲ့ခရီးစဉ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာစွန့်လွှတ်ဖို့အရေး နားချပေးဖို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိက ဦးသိန်းစိန်ကိုတိုက်တွန်းခဲ့တယ်လို့ စင်္ကာပူနိုင်ငံအခြေစိုက် Channel News Asia က သတင်း ဖော်ပြခဲ့တာရှိပါတယ်။
ဒီအဆိုအတိုင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကိုအပြည့်အဝလိုက်နာတာမျိုးမဟုတ်ရင်တောင် သမ္မ တဦးသိန်းစိန် ဦးဆောင်ပြီး စစ်ခေါင်းဆောင်ကိုယ်တိုင်လည်းပါဝင်တဲ့ အစိုးရအဖွဲ့တရပ် ပေါ်ပေါက်လာမလားဆို တာ ဖြစ်နိုင်ချေရှိတဲ့မှန်းဆချက်တခုပါ။
လက်ရှိအချိန်အထိ ဖြတ်သန်းမှုတွေအရတော့ စစ်ခေါင်းဆောင်ဟာအကြပ်အတည်း၊ဖိအားမျိုးစုံကြုံ နေရတဲ့ကြား က အာဏာလက်လွှတ်လိုဟန်မတွေ့ရဘဲ ၂၀၀၈ အရိပ်ကိုခိုလှုံနေပြီး အရေးပေါ်ကာလပြီးတာနဲ့ ရွေးကောက်ပွဲ ပြန် ကျင်းပ၊အာဏာလွှဲပေးမယ်လို့ပြောဆိုနေပါတယ်။
ဒီအနေအထားအရဆိုရင်တော့ လာမယ့်ကာလုံအကျပ်အတည်းကို အငြင်းပွားစရာရှိတဲ့ကြားက ၂၀၀၈ အခြေခံ ဥပဒေနဲ့အညီဆိုတဲ့ အခင်းအကျင်းမျိုးနဲ့ ကျော်လွှားလိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။
၂၀၀၈ အခြေခံဥပဒေပုဒ်မ ၄၁၂(ခ)အရ သမ္မတအနေနဲ့ အရေးပေါ်အခြေအနေကြေညာဖို့အတွက် ကာလုံနဲ့ညှိနှိုင်း ရာမှာ အဖွဲ့ဝင်တွေအစုံအလင်မတက်နိုင်ရင် ကာကွယ်ရေးဦးစီးချုပ်၊ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေး ဝန်ကြီး၊ပြည်ထဲရေးဝန်ကြီးတို့နဲ့ ညှိနှိုင်းပြီး အချိန်မီထုတ်ပြန်နိုင်တယ်လို့ပြဌာန်းထားပါတယ်။
ဒီအချက်အရ ကျန်းမာရေးမကောင်းတဲ့ ယာယီသမ္မတဦးမြင့်ဆွေဆီ စစ်ခေါင်းဆောင်နဲ့ သူ့ရဲ့ဝန်ကြီးတွေက လက်ရှိ အခြေအနေတွေကိုသွားရောက်တင်ပြခဲ့တယ်ဆိုတဲ့အခင်းအကျင်းမျိုးဖန်တီးကာအရေးပေါ်ကာလသက်တမ်းဆက် တိုးကြောင်း ကြေညာချက်ထုတ်ပြန်လိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။
အခြေခံဥပဒေပုဒ်မ ၄၁၂(ခ)အရ အဲ့ဒီထုတ်ပြန်ချက်ကြေညာချက်ကို ကာလုံမှာ အမြန်ဆုံးတင်ပြ အတည်ပြု ချက်ရ ယူဖို့လိုကြောင်းသာ ဆက်လက်ပြဌာန်းထားပါတယ်။
ဒီအချက်ဟာ စစ်ကောင်စီအနေနဲ့ လက်ရှိပြဿနာကို အလွယ်ကူဆုံးနဲ့ အဖြစ်နိုင်ဆုံးဖြေရှင်းနိုင်မယ့် နည်းလမ်း ဖြစ်နိုင်ပါတယ်။
နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့အချက်တခုကတော့ စစ်ကောင်စီအနေနဲ့ ဒုတိယသမ္မတ တဦးထပ်မံတင်မြှောက်ကာ ယာယီသမ္မတဦးမြင့်ဆွေကို ကျန်းမာရေးအရအနားပေးပြီး သူတို့တင်တဲ့ဒုသမ္မတကို ယာယီသမ္မတအဖြစ်ထပ်မံ တင်မြှောက်လိုက်တာမျိုးဖြစ်ပါတယ်။
အခြေခံဥပဒေအရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ဟာ ဒုတိယသမ္မတတဦးကိုတပ်တွင်းမှာပဲ တင်မြှောက်ပိုင်ခွင့်ရှိပြီး အဲ့ဒီဒုတိယသမ္မတဟာ သတ်မှတ်အရည်အချင်းတွေနဲ့ကိုက်ညီမညီလွှတ်တော်အကြီးအ ကဲတွေက စိစစ်တဲ့အဆင့်သာလိုအပ်ပါတယ်။
လွှတ်တော်တွေရှိနေချိန်မှာဆိုရင်တော့ တပ်ဘက်ကအမည်စာရင်းပေးလာတဲ့ ဒုသမ္မတဟာလည်း ကန့်ကွက်ခံရ တာ၊မဲခွဲဆုံးဖြတ်ရတာမျိုးတွေရှိကောင်းရှိနိုင်ပေမယ့် လက်ရှိမှာတော့ အဲ့ဒီအလိုအခြေအနေမရှိပါဘူး။
နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများတင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ ဒုတိယသမ္မတ တဦးဦးရာထူးသက် တမ်းမကုန်မီ လစ်လပ်သွားရင် အဲ့ဒီဒုသမ္မတကိုတင်မြှောက်ခဲ့တဲ့အစုအဖွဲ့ကပဲ ထပ်ပြီးရွေးချယ်တင်မြှောက်ပေး ရမယ်လို့ ဆိုထားပါတယ်။
နည်းဥပဒေအရလည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ဦးဆောင်မှုနဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ရဲ့ ဒုသမ္မတ ကို ရွေးချယ်ရမယ်လို့ဆိုထားပြီး တင်မြှောက်ခံရသူအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကဆီပေးပို့ဖို့ သာလိုအပ်ပါတယ်။
ပုံမှန်အားဖြင့် ဒုသမ္မတ သုံးဦးထဲကနေ သမ္မတ ကိုလွှတ်တော်မှာရွေးချယ်တင်မြှောက်ရတာဖြစ်ပေမယ့် သမ္မတ တဦးမှမရှိတဲ့လက်ရှိအခြေအနေမှာ ဒုတိယသမ္မတဦးထပ်တင်မြှောက်၊အဲ့ဒီနောက်ယာယီသမ္မတအဖြစ် ထားလိုက် တာမျိုးကိုလည်း စစ်ကောင်စီက လုပ်လာနိုင်ပါတယ်။
အခြေခံဥပဒေအပြင် တခြားဥပဒေပြဌာန်းချက်တွေနဲ့ဆိုရင်တော့ ဒီအခင်းအကျင်းဟာ အငြင်းပွားစရာတွေ ပိုများ ပါတယ်။
ဦးမြင့်ဆွေဟာ NLD အစိုးရစတင်ဖွဲ့စည်းချိန်က လွှတ်တော်တွင်းမှာ သမ္မတလောင်းသုံးဦးအနက် ဒုတိယမဲအများ ဆုံးရခဲ့သူဖြစ်တာကြောင့် သမ္မတဦးဝင်းမြင့်ဖမ်းဆီးခံရပြီး သမ္မတနေရာလစ်လပ်သွားချိန်မှာ ယာယီသမ္မတနေရာ ကို မြန်မြန်ဆန်ဆန်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ရှိနေတဲ့ကာလမှာဆိုရင်တော့ အခုကြုံနေရသလိုယာယီသမ္မတပါလစ်လပ်သွားပြီး ဒုသမ္မတတွေလည်း မရှိတော့တဲ့အခြေ အနေမျိုးကို ကြုံရမှာမဟုတ်ပါဘူး။
သမ္မတနဲ့ ဒုသမ္မတတွေလစ်လပ်သွားတာနဲ့ လွှတ်တော်ထဲက ကိုယ်စားလှယ်အစုအဖွဲ့သုံးဖွဲ့က ထပ်ပြီးရွေးချယ် တင်မြှောက်ကြမှာပါ။လက်ရှိမှာတော့ အဲ့ဒီလိုအခင်းအကျင်းမျိုးရှိ မနေတော့တာကြောင့် တပ်မတော်သားအစု အဖွဲ့အနေနဲ့ ဒုသမ္မတဦးထပ်ပြီးတင်မြှောက်နိုင်သလားဆိုတာဟာ ဝိဝါဒကွဲ ပြားစရာဖြစ်လာမှာပါ။
ဒါပေမဲ့ စစ်ကောင်စီဟာ အရင်ကလည်း သမ္မတဖမ်းဆီးလိုက်ပြီး လစ်လပ်တယ်လို့သူတို့ကိုယ်တိုင်သတ်မှတ်လိုက် တာ၊ ယာယီသမ္မတ ခန့်အပ်တာ၊အရေးပေါ်အခြေ အနေကြေညာတာ၊ကာကွယ်ရေးဦးစီးချုပ်ကိုအာဏာလွှဲပေး လိုက်တာ၊အရေးပေါ်ကာလသက်တမ်းတိုးတာတွေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြအတည်ပြုရမယ်ဆိုတဲ့ အဆင့်တွေ အားလုံးကို မသိကျိုးကျွံပြုအာဏာသိမ်းပြီး အခြေခံဥပဒေနဲ့အညီလို့ကြွေးကြော်နေတာပါ။
အငြင်းပွားစရာအခြေအနေတွေကြားကပဲ လိုချင်တဲ့အတိုင်း ပြောင်ပြောင်တင်းတင်းပုံဖော်ရှေ့ဆက်ခဲ့တာကို ကြည့် ရင် ဒီအချက်ဟာလည်းဖြစ်နိုင်ချေရှိတဲ့ အချက်တခုဖြစ်ပါတယ်။
နောက်ဆုံးဖြစ်နိုင်ချေတခုကတော့ စစ်ခေါင်းဆောင်ကိုယ်တိုင် ကာလုံခေါ်နိုင်တဲ့ အခင်းအကျင်းတခုရဖို့ စစ်ကောင် စီအနေနဲ့ ကာလုံခေါ်ယူရေးနဲ့ပတ်သက်ပြီး သီးခြားဥပဒေ တရပ်အလျင်အမြန်ပြဌာန်းလိုက်တာမျိုးဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေမှာ ကာလုံအစည်းအဝေးခေါ်ယူရေးနဲ့ပတ်သက်ပြီး တိတိကျကျဖော်ပြထားတဲ့ ပြဌာန်းချက် တွေမရှိပါဘူး။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှာ အာဏာသိမ်းချိန်မှာ အရေးပေါ်ကာလတနှစ်ကြေညာခဲ့တဲ့စစ်ကောင်စီဟာ နောက်ထပ် ခြောက်လသက်တမ်း ငါးကြိမ်အထိ တိုးခဲ့ပြီးပါပြီ။အခုလာမယ့် ဇူလိုင်လကုန်မှာ စစ်ကောင်စီရဲ့ အရေးပေါ်ကာလ သက်တမ်းတခုထပ်မံကုန်ဆုံးတော့မှာပါ။
သက်တမ်းဆက်တိုးပေးဖို့ သမ္မတမရှိတဲ့ စစ်ကောင်စီဘယ်လိုကစားကွက်ဆက်ရွှေ့မယ်ဆိုတာ မသေချာသေးပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေ ပိုမိုအရှိန်မြှင့်လာနေတာကတော့ အသေအချာပါ။