ဇူလိုင်၊ ၁၂
ရွေးကောက်ခံ ပြည်သူ့ အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၃ နှစ်ကျော် ကြာမြင့်လာခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ် (CBM)ဟာ စစ်တပ်က လူထုအပေါ် ဗိုလ်ကျ ဖိနှိပ်ရေးတွေ ရည်မှန်းချက်မှာ အထူးအရေးပါတဲ့ အစိတ်အပိုင်းတရပ် ဖြစ်လာပါတယ်။ ပြီးတော့ CBMဟာ စစ်တပ်က တော်လှန်ရေး အင်အားစုတွေကို စစ်ခင်းတိုက်ခိုက်နေမှုတွေမှာ အဓိက ဘဏ္ဍာရေး ရင်းမြစ်ကြီးတခု ဖြစ်လာသလို နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကနေ စစ်တပ်ကို ထွက်ပေါက်ရှာပေးဖို့လည်း အဓိက ကူညီပေးနေပြန်ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ ငွေကြေးရင်းမြစ်ကို ကန့်သတ်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေဟာ အဲဒီရည်မှန်းချက်နဲ့ ကိုက်ညီဖို့ဆိုရင် CBMကိုလည်း ဦးစားပေး ပစ်မှတ်ထားသင့်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်က လတ်တလော အစီရင်ခံထားတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ ဘဏ်တွေအပေါ် အရေးယူ ပိတ်ဆို့ခြင်းဟာ စစ်တပ်က လက်နက်ဝယ်ယူနိုင်စွမ်းကို သိသိသာသာ လျော့ပါးသွားစေတယ် ဆိုတာကို မြင်သာခဲ့ပါတယ်။ တဖက်မှာလည်း အဲဒီ ပိတ်ဆို့ အရေးယူမှုကြောင့် ဘဏ္ဍာရေး လမ်းကြောင်းတွေကနေ သွေဖယ်သွားပြီး ဘဏ်တခုချင်းစီအပေါ် ထိခိုက် သက်ရောက်မှုတွေ ရှိစေပြန်ပါတယ်။ CBMကို အရေးယူ ပိတ်ဆို့တာဟာ မြန်မာ့ဘဏ်စနစ် တခုလုံးကိုလည်း ထိခိုက်စေမှာ ဖြစ်ပေမယ့် စစ်တပ်က မြန်မာပြည်သူတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျနိုင်အောင် ထောက်ပံ့ပေးနေတဲ့ ရင်းမြစ်တွေကို ကန့်သတ်ပြီးသားလည်း ဖြစ်စေပါလိမ့်မယ်။
“CBMရဲ့ အခန်းကဏ္ဍများ”
၁။ စစ်တပ်ရဲ့ ပြည်တွင်း ငွေကြေးစုဆောင်းမှုကို တာဝန်ယူခြင်း
စစ်တပ်ရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် မြန်မာ့စီးပွားရေး ယိုင်နဲ့လာခြင်းနဲ့အတူ စစ်တပ်ဟာ စစ်ပွဲတွေအတွက် ငွေရှာပေးဖို့ CBMအပေါ် အလွန်အကျွံ မှီခိုလာနေရပါတယ်။ စီးပွားရေးမှာ လိုငွေပြလာတာ၊ စစ်သုံးစရိတ်တွေ မြင့်တက်လာတာတွေကြောင့် စစ်တပ်ဟာ လိုအပ်တဲ့ ငွေကြေးကို CBMကနေ ထုတ်နုတ် ချေးယူနေရတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဘတ်ဂျတ်လိုငွေပြမှု စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကို အဲဒီနည်းနဲ့ ဖြေရှင်းထားတာ ဖြစ်ပါတယ်။
ကမ္ဘာတလွှားက ဗဟိုဘဏ်တွေဟာ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေမှု လုပ်ငန်းစဉ်ကို သတိကြီးကြီးနဲ့ ကန့်သတ်ထားကြတယ်။ တချို့အခြေအနေတွေမှာဆိုရင် အစိုးရရဲ့ ဘဏ္ဍာရေး ရင်းမြစ်အတွက် ငွေကြေးကို ရုပ်ဝတ္ထုပစ္စည်း (ငွေသား)အဖြစ် ရိုက်နှိပ်တာမျိုးတောင် မလုပ်ကြတော့ပါဘူး။ ဒါပေမဲ့ နိုင်ငံရဲ့ ဘဏ္ဍာရေး အနေအထားအရ စစ်ကောင်စီကို အထောက်အကူ ဖြစ်စေဖို့ဆိုရင် ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေခြင်းက CBMအတွက် မဖြစ်မနေ ရွေးရမယ့် တခုတည်းသော နည်းလမ်း ဖြစ်လာနေတယ်။ အဲဒီ လုပ်ဆောင်ချက်ဟာ ဘယ်လောက် ကျယ်ပြန့်နေသလဲ ဆိုတာကို တိုင်းတာ သိရှိဖို့ မလွယ်ပေမယ့် CBM ထိပ်ပိုင်း အရာရှိ တချို့နဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန သတင်းရင်းမြစ် တချို့ရဲ့ နောက်ကွယ်က မှတ်ချက်တွေ အရဆိုရင် ငွေစက္ကူအသစ်တွေ သိုသိုသိပ်သိပ် ရိုက်နှိပ် ထုတ်ဝေတဲ့ ပမာဏဟာ စျေးကွက်ထဲမှာ တရားဝင် လည်ပတ်နေတဲ့ ငွေကြေး ပမာဏလောက်ထိကို များပြားနိုင်ပါတယ်။ အစောပိုင်းတုန်းကတော့ အသစ်ရိုက်ထားတဲ့ ငွေစက္ကူတွေကို စစ်ဘက်နဲ့ အဆက်အနွှယ် မိသားစုတွေအတွက် ထုတ်ဝေဖြန့်ချိဖို့ အဓိက ရည်ရွယ်ထားခဲ့တာပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ငွေသားပုံနှိပ်ဖို့ စက္ကူတွေ ထောက်ပံ့ပေးတဲ့ ဂျာမနီ ကုမ္ပဏီရဲ့ ရုပ်သိမ်းထွက်ခွာမှုနဲ့အတူ ငွေစက္ကူ အသစ်တွေရဲ့ အရည်အသွေးပိုင်း အာမခံချက်ကို ထိန်းညှိထားဖို့ကလည်း ပိုခက်လာတယ်။ ဒါကလည်း စစ်တပ်ရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြနေတဲ့ အခြေအနေ တခုပါပဲ။
အဲဒီလိုမျိုး ငွေစက္ကူတွေ အဆီးအတားမရှိ ရိုက်နှိပ် ထုတ်ဝေနေခြင်းဟာ ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနဲ့ ငွေကြေးဆိုင်ရာ မတည်ငြိမ်ခြင်းဆိုတဲ့ ဆိုးကျိုးနှစ်ခုကို ဖြစ်ပေါ်စေတယ်။ ၂၀၂၄ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုဟာ ၃၀ ရာခိုင်နှုန်းနီးပါး ထိုးတက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးယူနစ်ဖြစ်တဲ့ ကျပ်ငွေဟာ အာဏာမသိမ်းခင် ကာလတုန်းက အမေရိကန် ဒေါ်လာ တန်ဖိုးနဲ့ ယှဉ်ရင် သုံးပုံတပုံလောက်သာ ကျန်ပါတော့တယ်။ အကျိုးဆက်ကတော့ ကျပ်ငွေဟာ မြန်မာနိုင်ငံမှာ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ဖလှယ်ရောင်းဝယ်ဖို့၊ လူထုက လက်ဝယ်ထိန်းသိမ်းထားဖို့ ယုံကြည်ချက်ရှိတဲ့ အရာတခု မဟုတ်တော့ဘဲ ဖြစ်လာပါတယ်။
ဒါ့အပြင် စစ်တပ်ကို တိုက်ရိုက် ထောက်ပံ့ ကူညီပေးဖို့အတွက် CBMဟာ ပြည်တွင်း ဘဏ္ဍာရေး ဌာန အသီးသီးကိုလည်း စစ်တပ် အားပေး မူဝါဒတွေ ကျင့်သုံးစေဖို့ ဖိအားပေးလာခဲ့ပြန်တယ်။ ၂၀၂၁ ခုနှစ်တုန်းက ပုဂ္ဂလိက ဘဏ်တွေဟာ အာဏာသိမ်း စစ်တပ်ရဲ့ ငွေတိုက်စာချုပ်တွေကို ကျပ်ငွေ ၁၀ ထရီလီယံကျော်ဖိုး နီးပါးလောက် ဝယ်ယူဖို့ CBMရဲ့ လမ်းညွှန်မှုကို ခံခဲ့ရတယ်။ ဒါဟာ အာဏာသိမ်းမှု မတိုင်ခင် ပြည်တွင်းဘဏ်တွေရဲ့ ချေးငွေပမာဏ စုစုပေါင်း သုံးပုံတပုံလောက်နဲ့ ညီမျှတယ်လို့ စာရေးသူက ခန့်မှန်းပါတယ်။ မြန်မာ အစိုးရပိုင် ဘဏ်တွေကလည်း အလားတူ စာချုပ်မျိုးတွေကို ကျပ်ငွေ ၃ ထရီလီယံဖိုးလောက် ဝယ်ယူခဲ့ရပြန်တယ်။ စစ်တပ်က တခြားရင်းမြစ်တွေကနေ ငွေကြေး ချေးငှားယူတာတွေ အားလုံးထက် အခုဆိုရင် ဘဏ်ချေးငွေက သိသိသာသာ ပိုများသွားပါပြီ။ CBMဟာ စီးပွားရေး ဘဏ်တွေနဲ့ တွဲဖက်ပြီး စစ်တပ်ရဲ့ ရှုပ်ထွေးတဲ့ ဘဏ္ဍာရေး ယန္တရားကို စီမံခန့်ခွဲပေးနေပါတယ်။
၂။ စစ်တပ်ရဲ့ နိုင်ငံခြားဝင်ငွေ ဖလှယ်ရရှိမှု ရင်းမြစ်အဖြစ် ရပ်တည်ခြင်း
စစ်တပ်ရဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ (SESC)နဲ့ ပူးပေါင်းပြီး CBMဟာ မြန်မာစစ်တပ်အတွက် ခေတ်မီ စစ်လက်နက်တွေကို နိုင်ငံရပ်ခြားကနေ တင်သွင်း ဝယ်ယူနိုင်ဖို့အတွက် နိုင်ငံခြားငွေ လဲလှယ်ပေးရာ ပင်မရင်းမြစ် ဖြစ်လာခဲ့ပါတယ်။ စစ်တပ်ဟာ တော်လှန်ရေး လှုပ်ရှားမှုတွေကို ဖြိုခွင်းရာမှာ အဓိက အားသာချက် ဖြစ်နေတဲ့ လေယာဉ်တွေ၊ ဗုံးလက်နက်တွေကို ဝယ်ယူဖို့အတွက် နိုင်ငံခြားငွေ လိုအပ်ပါတယ်။
ဒါပေမဲ့ ပြည်တွင်းမှာ နိုင်ငံခြားငွေ သိုလှောင်မှုဟာ သိသိသာသာ ကြဲပါးလာနေပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက မြန်မာနိုင်ငံမှာ နိုင်ငံခြား အပိုဆောင်းငွေ သိုလှောင်မှုဟာ ဒေါ်လာ ၇ ဘီလီယံလောက်ထိ ရှိခဲ့ပေမယ့်လည်း အခုဆိုရင် တဝက်လောက်သာ ကျန်ပြီး ဒေါ်လာ ၃.၅ ဘီလီယံ ဝန်းကျင်သာ ရှိပါတော့တယ်။ ၂၀၂၁ ကစလို့ စစ်ကောင်စီ အလိုကျ ဗဟိုဘဏ်ဟာ စစ်လက်နက်တွေ ဝယ်ယူရေး အထောက်အပံ့ ဖြစ်စေဖို့ မူဝါဒတိုင်းကို နိုင်ငံခြားငွေ ဖလှယ်ရရှိရေးဆီ ရနိုင်သမျှ ဦးတည်ပြောင်းလဲစေခဲ့တယ်။
တကယ်တမ်းကျတော့ တခြားနည်းလမ်းတွေကိုလည်း သုံးပါသေးတယ်။ အာဏာသိမ်းပြီးချိန် ကတည်းက စစ်တပ်ရဲ့ ဘဏ္ဍာရေး မူဝါဒ အားလုံးဟာ နိုင်ငံခြားငွေ အသည်းအသန် ရရှိရေးဆီကိုပဲ ဦးတည်ခဲ့ပါတယ်။ အဲဒီအတွက်လည်း CBMကနေ ညွှန်ကြားချက်တွေ၊ အကြောင်းကြားစာတွေ အတော်များများ ထွက်ပေါ်ခဲ့ပါတယ်။ စစ်တပ် အလိုကျ CBMက ပြောင်းလဲကျင့်သုံးခဲ့တဲ့ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေထဲမှာ အောက်ဖော်ပြပါ ကောက်နုတ်ချက်တွေကို တွေ့ရပါလိမ့်မယ်။
– နိုင်ငံခြားငွေကြေး (ဒေါ်လာ) ကိုင်ဆောင်သူတွေကို ကျပ်ငွေနဲ့ အတင်းအကျပ် လဲလှယ်စေပါတယ်။ ငွေလဲနှုန်းတွေကိုလည်း စစ်တပ်အတွက် အသာစီး ရစေဖို့ တဖက်သတ် ခြယ်လှယ် သတ်မှတ်ပါတယ်။
– စီးပွားရေး လုပ်ငန်းတွေရဲ့ ပို့ကုန်နဲ့ တခြားဝင်ငွေတွေကိုလည်း ကျပ်ငွေနဲ့ အတင်းအကျပ် လဲလှယ်စေပြီး ငွေလဲနှုန်းတွေကိုလည်း စစ်တပ်အတွက် အသာစီး ရစေဖို့ တဖက်သတ် ခြယ်လှယ် သတ်မှတ်ပါတယ်။
– ပြည်ပရောက် အလုပ်သမားတွေက ပြည်တွင်းကို ငွေပြန်လွှဲတဲ့ အခါမှာ နိုင်ငံခြားငွေကို ကျပ်ငွေနဲ့ အတင်းအကျပ် လဲလှယ်စေပါတယ်။ အဲဒီဝင်ငွေအတွက် အပိုဆောင်း အခွန်အခတွေ ကောက်ခံပါတယ်။
– တမျိုးထက်မကတဲ့ ငွေကြေးလဲလှယ်နှုန်းတွေကို သတ်မှတ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ စစ်တပ်ရဲ့ ဦးစားပေး ရည်မှန်းချက်တွေကို ဖြည့်တင်းနိုင်ရေး ဘဏ္ဍာငွေ အထောက်အပံ့တွေ ပိုရစေချင်လို့ပါ။
– စစ်တပ်နဲ့ ပလဲနံပသင့်သူ အနည်းအကျဉ်းကလွဲရင် ငွေကြေးဖလှယ်မှု လုပ်ငန်း လုပ်ကိုင်နေသူ အားလုံးရဲ့ လုပ်ငန်းလိုင်စင်တွေကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီလို ငွေကြေးဖလှယ် ရောင်းဝယ်သူတွေကို အုံနဲ့ကျင်းနဲ့ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။
– မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ ပြည်ပ လုပ်ငန်းရှင်တွေအပေါ် ပြည်ပက ငွေပေးချေမှုတွေနဲ့ ပတ်သက်လို့ အကျပ်ရိုက်ရအောင် ကန့်သတ် ချုပ်ခြယ်မှုတွေ ပြဋ္ဌာန်းခဲ့ပါတယ်။
– မြန်မာ စီးပွားရေးလုပ်ငန်းတွေက နိုင်ငံရပ်ခြားကနေ ရယူထားတဲ့ ချေးငွေတွေအတွက် အတိုးနဲ့ ငွေသားပြန်ဆပ်မှုတွေကို တားမြစ်မိန့် ထုတ်ခဲ့ပါတယ်။
၃။ စစ်တပ်အပေါ် ပစ်မှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများမှ ရှောင်လွှဲပေးခြင်း
အာဏာသိမ်းခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျူးလွန်မှုတွေအတွက် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကို အမေရိကန် ဦးဆောင်ပြီး နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေ သတ်မှတ် ကျင့်သုံးလာခဲ့ပါတယ်။ အဲဒါတွေကို တုံ့ပြန်တဲ့ အနေနဲ့ CBMဟာ နိုင်ငံရဲ့ ကုန်သွယ်ရေးနဲ့ နိုင်ငံတကာ ငွေပေးချေရေး ကိစ္စတွေကို အမေရိကန် လက်လှမ်းမီနိုင်တဲ့ အခြေအနေကနေ ဝေးသထက်ဝေးအောင် လမ်းကြောင်းလွှဲဖို့ အမျိုးမျိုးသော လမ်းညွှန်ချက်တွေ၊ အသိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဥပမာ ကုန်သွယ်ရေးအတွက် ငွေပေးချေမှုတွေမှာ ဒေါ်လာအစား တရုတ်ယွမ်၊ ထိုင်းဘတ်နဲ့ ရုရှားရူဘယ်လ်တို့လို ငွေကြေးတွေကို အစားထိုး သုံးစွဲဖို့ ညှိနှိုင်းတာမျိုးတွေပါ။ ဒါပေမဲ့ အဲဒီ အားထုတ်မှုတွေဟာ လက်တွေ့မှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ စစ်တပ်က မိတ်ဆွေအဖြစ် ပေါင်းသင်းနေပါတယ်ဆိုတဲ့ ကုန်သွယ်ဖက်တွေ ကိုယ်တိုင်က တန်ဖိုးမာတဲ့ အမေရိကန် ဒေါ်လာကိုသာ လိုချင်တာကြောင့်ပါ။ ရုရှားကတော့ ဒေါ်လာအစား ရွှေနဲ့ ဖလှယ်ဖို့ ကမ်းလှမ်းတာမျိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆွေးနွေးမှုတိုင်းဟာ လုပ်ထုံးလုပ်နည်း အဆင့်ကနေ ရှေ့ဆက်မတိုးနိုင်ခဲ့ပါဘူး။
၄။ စစ်တပ်၏ ဖိနှိပ်မှုများအတွက် ထောက်လှမ်းရေး ယန္တရားအဖြစ် ပါဝင်လည်ပတ်ခြင်း
CBMဟာ မိုဘိုင်းစနစ် အခြေပြု ငွေကြေး လွှဲပြောင်းရေး နည်းပညာတွေနဲ့ fintechလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ နည်းပညာ အသုံးပြုမှုတွေကို ခြေရာခံ စောင့်ကြည့်ရာမှာ စစ်ကောင်စီရဲ့ အသုံးအဝင်ဆုံး လက်ကိုင်တုတ် ဖြစ်လာပါတယ်။ မြန်မာလိုမျိုး စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ ဘဏ္ဍာရေး ဆက်နွှယ်မှုတွေ အားကောင်းကောင်း တိုးတက်လာအောင် fintechတွေကို ထိထိရောက်ရောက် အသုံးချပြီး တွန်းအားပေးသင့်တဲ့ နိုင်ငံမျိုးမှာ CBMကတော့ မိုဘိုင်း ငွေကြေးစနစ်တွေကို ထောက်လှမ်းရေး ကိရိယာတွေအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ အဲဒီနည်းပညာတွေကို သုံးပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်နွှယ်တယ်၊ စစ်တပ်ကို ဆန့်ကျင်တယ်လို့ စွပ်စွဲခံရသူ ၁၈၀၀၀ လောက်ရဲ့ ဘဏ်အကောင့်တွေကို ပိတ်တာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
ဘဏ်တွေအားလုံးရော၊ မိုဘိုင်း ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ ငွေကြေး လွှဲပြောင်းမှုတွေကို အချိန်နဲ့ တပြေးညီနီးပါး စောင့်ကြည့်စေတဲ့ CBM ညွှန်ကြားချက်ကို လိုက်နာကြရတယ်။ ကိုယ့်ဖောက်သည်တွေ ဘာလုပ်နေသလဲ ဆိုတာကို ကိုယ်တိုင်သိရမယ်ဆိုတဲ့ စည်းမျဉ်းဟာ မူလကတော့ ငွေကြေး ခဝါချမှုတွေကို စောင့်ကြည့်ဖို့ ရည်ရွယ်ထားပေမယ့် အခုတော့ တလွဲအသုံးချ ခံနေရပါပြီ။
စည်းမျဉ်းတွေအရ မိုဘိုင်းငွေပေးချေမှု စာရင်းသစ် ဖွင့်လှစ်မှုတိုင်းဟာ နိုင်ငံရေး စိစစ်ရေးကတ် (NIC)နဲ့ မှတ်ပုံတင်ထားတဲ့ ဖုန်းဆင်မ်ကတ် နံပါတ်တွေနဲ့ ချိတ်ဆက်ထားဖို့ လိုလာပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းငွေပေးချေမှု စနစ်တွေဟာ စစ်တပ်ရဲ့ ထောက်လှမ်းရေး ကွန်ရက်ထဲ ကျုံးသွင်းခံရပြီး လူထုကို ဦးတည် ဆင်နွှဲတဲ့ စစ်ဆင်ရေး အစိတ်အပိုင်းအသွင် ဆောင်လာပါတော့တယ်။
၅။ စစ်တပ်၏ ရာဇဝတ်လုပ်ငန်းများတွင် ကြံရာပါအဖြစ် ပူးပေါင်းခြင်း
စစ်တပ်ဟာ နိုင်ငံရေး ရန်သူတော်တွေကို ဖိနှိပ်နိုင်ဖို့အတွက် fintechကို အဓိက အသုံးပြုနေပေမယ့် ရာဇဝတ်မှုမြောက်တဲ့ တလွဲအသုံးချမှုတွေနဲ့ ပတ်သက်ရင်တော့ ဘာမှ မတုံ့ပြန်ဘဲ လွှတ်ပေးထားပါတယ်။ CBMဟာ အရင်တုန်းက ဘဏ္ဍာရေး စနစ်တွေကို တရားမဝင် စီးပွားရေး လှုပ်ရှားမှုတွေကနေ ခွဲထုတ်တဲ့ အားထုတ်မှုတွေ ရှိခဲ့ဖူးပေမယ့် အခုတော့ အကုန်ရပ်ဆိုင်းနေပါပြီ။ မျက်ကွယ်ပြုထားတာ၊ ပူးပေါင်းကြံစည်တာတွေနဲ့ ဆက်စပ်ရင်း မြန်မာ့ ဘဏ္ဍာရေး နယ်ပယ်ကို အခြေပြုတဲ့ ဆိုက်ဘာ ရာဇဝတ်မှု ပုံစံသစ်တွေ ရှုပ်ရှုပ်ထွေးထွေး ပေါ်ပေါက်လာပြီး အဓိက ပစ်မှတ်ကတော့ နိုင်ငံခြားသားတွေ ဖြစ်လေ့ရှိပါတယ်။ အကျိုးဆက် အနေနဲ့ မြန်မာဟာ အီရန်၊ မြောက်ကိုရီးယားတို့နဲ့အတူ Financial Action Taskforceရဲ့ ငွေကြေးဆိုင်ရာ နာမည်ပျက် နိုင်ငံတွေ စာရင်းထဲ ဝင်ရောက်သွားတော့တာပါပဲ။
CBMဟာ လုပ်ငန်းလည်ပတ်မှုတွေ အားလုံးမှာ စစ်တပ် ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းအသွင် ဆောင်လာပြီး ခေါင်းဆောင်ပိုင်းရော၊ ဝန်ထမ်းအများစုပါ စစ်တပ် ဘက်တော်သားတွေ ဖြစ်နေပါတယ်။ ဗဟိုဘဏ်ရဲ့ ဒုတိယ အကြီးအကဲ ရာထူး ၃ နေရာကို အငြိမ်းစား ဗိုလ်ချုပ်တွေက တာဝန်ယူထားပြီး မူဝါဒရေးရာနဲ့ လုပ်ငန်းလည်ပတ်မှု ဌာနတွေမှာ ဒုတိယ ဗိုလ်မှူးကြီးအဆင့် အရာရှိ တော်တော်များများက ခေါင်းဆောင်နေတယ်။ ဒီလို အနေအထားမျိုးကို အစိုးရ လက်အောက်ခံ တခြားသော ဘဏ်တွေမှာ၊ အထူးသဖြင့် မြန်မာ့ စီးပွားရေးဘဏ်မှာလည်း တွေ့ရပါတယ်။ အဲဒီဘဏ်ရဲ့ အရာရှိ အလွှာအဆင့်ဆင့်မှာ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေက ကွပ်ကဲနေကြပါတယ်။
“CBMကို ပိတ်ဆို့အရေးယူခြင်းနှင့် ဝိရောဓိများ”
စစ်တပ်ရဲ့ စစ်ဆင်ရေး ယန္တရားကြီး လည်ပတ်နေရာမှာ CBMဟာ အရေးအပါဆုံး အစိတ်အပိုင်း တခုအဖြစ် ပါဝင်နေပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေသူတွေကို ငွေကြေးထောက်ပံ့ပေးဖို့၊ ကျူးလွန်ထားတဲ့ အပြစ်တွေကို ပေးဆပ်စရာ မလိုဘဲ ကင်းလွတ်ခွင့် ရနေဖို့အတွက် CBMက ကူညီပေးနေတယ်။ အာဏာအလွဲသုံးစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားပေးအားမြှောက် လုပ်နေရင်း နိုင်ငံတကာ စံနှုန်းတွေကို သွေဖယ်တဲ့ ဘဏ္ဍာရေး ရင်းမြစ် စုဆောင်းယူမှုတွေကို CBMက လုပ်ဆောင်နေတယ်။ ရာဇဝတ် လှုပ်ရှားမှုတွေရဲ့ ကြံရာပါ သဘောလည်း ဖြစ်နေတယ်။
ရုရှား၊ အီရန်နဲ့ အာဖဂန် နစ္စတန်တို့ရဲ့ ဗဟိုဘဏ်တွေဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အရေးယူ ပိတ်ဆို့မှုတွေ ကြုံခဲ့သလိုပဲ CBMလည်း အလားတူ ကြုံကြိုက်သင့်ပါတယ်။ နယူးယောက် ဖက်ဒရယ် နိုင်ငံခြား အပိုငွေ သိုလှောင်မှု ဌာနမှာရှိတဲ့ CBMရဲ့ ပိုင်ဆိုင်မှုတွေကို ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှု ပြီးပြီးချင်း ထိန်းချုပ်ထားခြင်းအားဖြင့် အမေရိကန် ပြည်ထောင်စုဟာ အကြီးမားဆုံး ထိုးနှက်ချက် တခုကို အစပြုပေးထားပြီးပါပြီ။ ဒါပေမဲ့လည်း အဲဒီလုပ်ဆောင်ချက်ဟာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ် အပြုမခံခဲ့ရဘူး။ အခုအခါမှာတော့ ခြေတလှမ်း ထပ်တိုးပြီး CBMကို တိုက်ရိုက် ပစ်မှတ်ထားတဲ့ တရားဝင် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်သင့်နေပြီး အဲဒီ လုပ်ဆောင်ချက်မှာ အမေရိကန်နဲ့အတူ တခြားနိုင်ငံတွေကလည်း ပူးပေါင်း အားဖြည့်သင့်ပါတယ်။
နိုင်ငံတခုရဲ့ ဗဟိုဘဏ်ကို အရေးယူ ပိတ်ဆို့ခြင်းဟာ သာမန်ပြည်သူတွေကို ထိခိုက် နစ်နာစေနိုင်တယ်လို့ တချို့က အငြင်းပွားကြပါလိမ့်မယ်။ တကယ်တမ်းကျတော့ စစ်တပ်လက်အောက်ခံ CBMဟာ ပြည်သူလူထုအတွက် ကြီးစွာသော ဆုံးရှုံးနစ်နာမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီးသားပါ။ တကယ်တမ်း လူထုကို ကယ်တင်ပြီး စီးပွားရေး တည်ငြိမ်မှုကို ဖန်တီးပေးချင်ရင် အရည်အချင်း ကင်းမဲ့တဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့စစ်တပ် အုပ်စိုးမှုကို ဖယ်ရှားပစ်ဖို့ တနည်းသာ ရှိပါတော့တယ်။ အရေးယူ ပိတ်ဆို့မှုတွေချည်း သက်သက်နဲ့တော့ မြန်မာနိုင်ငံက အခြေအနေတွေကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပေမယ့် နိုင်ငံရဲ့ လွတ်လပ်မှုကို ပြန်လည် ဆောင်ကြဉ်းနိုင်ဖို့ အားထုတ်နေပြီး အနီးစပ်ဆုံး အခြေအနေတွေဆီ ရောက်ရှိနေတဲ့ အစုအဖွဲ့တွေရဲ့ လိုလားချက်၊ လိုအပ်ချက်တွေနဲ့တော့ လိုက်လျောညီထွေ ရှိစေမှာ ဖြစ်ပါတယ်။
(USIPတွင် ရှောင်တာနဲလ် ရေးသားထားသည့် How Myanmar’s Central Bank Facilitates the Junta’s Oppression ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)