အိမ်ရာချေးငွေသတ်မှတ်ချက်ထက်ပိုထုတ်ချေးလို့ဆိုပြီးပုဂ္ဂလိကဘဏ်ခုနစ်ခုကိုစစ်ကောင်စီအရေးယူပြန်

အာဏာသိမ်းပြီးရက်ပိုင်းအကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ရက်က ဘဏ်လုပ်ငန်းရှင်များနှင့်စစ်ခေါင်းဆောင်တို့တွေ့ဆုံကြစဉ်

Photo – Credit CINCDS

ဇူလိုင်၊ ၂

အိမ်ရာချေးငွေတွေကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ပမာဏထက်ကျော်လွန်ပြီး ထုတ်ချေးထားတာကြောင့်ဆို ကာ ပုဂ္ဂလိကဘဏ် ခုနစ်ခုနဲ့ဘဏ်တာဝန်ရှိသူတွေ၊ဗဟိုဘဏ်တာဝန်ရှိသူတွေ ကိုအရေးယူမယ်လို့ စစ်ကောင်စီက မနေ့ညက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကအရေးယူမယ့်ဘဏ်တွေထဲရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ဧရာဝတီဘဏ်၊ အသေးစားနှင့်အ လတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်(SMED)၊ယူနိုက်တက်အမရဘဏ်(UAB) ၊မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID)တို့ပါဝင်ပါတယ်။

အဲ့ဒီဘဏ်တွေဟာ အိမ်ရာချေးငွေထုတ်ချေးရာမှာ ဗဟိုဘဏ်သတ်မှတ်ချက်ထက် ရိုးမဘဏ်က ၁၁ရာခိုင်နှုန်း၊ မြန် မာနိုင်ငံသားများဘဏ်က ၉ရာခိုင်နှုန်းနီးပါး၊ဧရာဝတီဘဏ်က ၂ ရာခိုင်နှုန်းနီးပါး၊SMED ဘဏ်က ၁ ရာခိုင်နှုန်း ကျော်၊UAB ဘဏ်က ၃ရာခိုင်နှုန်းကျော်၊CHID ဘဏ်က ၁၆ရာခိုင်နှုန်းကျော်အထိ ကျော်လွန်ထုတ်ချေးထားတယ် လို့ဆိုပါတယ်။

အဲ့ဒီလို သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးထားတဲ့ ချေးငွေတွေနဲ့ပတ်သက်ပြီး သတ်မှတ်ကာလ အတွင်း၊ သတ်မှတ်ချက်အတိုင်းပြန်ရောက်အောင် ကြပ်မတ်သွားမှာဖြစ်သလို ဘဏ်တာဝန်ရှိသူတွေကိုလည်း အရေးယူ မယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် အထက်ပါ ပုဂ္ဂလိကဘဏ်ခုနစ်ခုကသတ်မှတ်ချက်ထက်ကျော်လွန်ထုတ်ချေးထားတဲ့ ချေးငွေတွေနဲ့ ပတ် သက်ပြီး ထိရောက်တဲ့ ဒဏ်ကြေးပေးဆောင်စေမှာဖြစ်သလို ပုဂ္ဂလိကဘဏ်တွေကို စစ်ဆေးကြီး ကြပ်ကွပ်ကဲဖို့ အားနည်းခဲ့တဲ့ ဗဟိုဘဏ် တာဝန်ရှိသူတွေကိုလည်း စိစစ် ဖော်ထုတ်အရေးယူမယ်လို့ ဆိုထားပါတယ်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း ဦးဇော်ဇော်နှင့်အတူ ရန်ကုန်မြို့မှာတွေ့ရသည့်စစ်ခေါင်းဆောင်။

ပြည်တွင်းမှာရှိတဲ့ဘဏ်တွေအနေနဲ့ သက်တမ်းသုံးနှစ်ထက်ပိုတဲ့ အိမ်ရာချေးငွေတွေကို ဘဏ်စုစုပေါင်းချေးငွေရဲ့ ငါးရာခိုင်နှုန်းအထိ ထုတ်ချေးပေးနိုင်ကြောင်း NLD အစိုးရလက်ထက် ၂၀၁၉ခုနှစ်မှာ ဗဟိုဘဏ်က စတင်သတ် မှတ်ခဲ့ပါတယ်။

အိမ်ရာချေးငွေကလွဲလို့ သက်တမ်းသုံးနှစ်ထက်ပိုတဲ့ တခြားချေးငွေတွေကို ထုတ်ချေးမယ်ဆိုရင် ချေးငွေဆိုင်ရာ စည်းကမ်းချက်တွေကိုပါဖော်ပြပြီး ဗဟိုဘဏ်ကိုတင်ပြခွင့်ပြုချက်ယူရမယ်လို့ ၂၀၁၉ခုနှစ် ဇန်နဝါရီ ၁၅ရက်က ဗဟိုဘဏ်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 အာဏာသိမ်းပြီးနောက်စစ်ကောင်စီက အဲ့ဒီသတ်မှတ်ချက်ကို ပြင်ဆင်ခဲ့တာမရှိပါဘူး။

ပုဂ္ဂလိက ဘဏ်တချို့အနေနဲ့ အကျိုးအမြတ်ပိုရဖို့အတွက် ဗဟိုဘဏ်ညွှန်ကြားချက်ကို ကျော်လွန်ဖောက်ဖျက်ပြီး အိမ်ရာချေးငွေအများအပြားထုတ်ချေးနေတယ်လို့သိရတာကြောင့် စစ်ဆေးမှုတွေလုပ်ရာက အခုဘဏ်ခုနစ်ခုကို စိ စစ်တွေ့ရှိခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်ကောင်စီဘက်က ထုတ်ပြန်ထားတဲ့အချက်အလက်တွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဘဏ်တာဝန်ရှိသူတွေကို တော့ DNA အနေနဲ့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

မာရဝိဇယဘုရားအတွက်အလှူငွေပေးအပ်ပွဲမှာလုပ်ငန်းရှင်တွေနဲ့အတူတွေ့ရတဲ့စစ်ခေါင်းဆောင်
မာရဝိဇယဘုရားအတွက်အလှူငွေပေးအပ်ပွဲမှာလုပ်ငန်းရှင်တွေနဲ့အတူတွေ့ရတဲ့စစ်ခေါင်းဆောင်

စစ်ကောင်စီကအရေးယူမယ်လို့ ထုတ်ပြန်လာတဲ့ အဲ့ဒီဘဏ်ခုနစ်ခုထဲက ဆောက်လုပ်ရေး၊အိမ်ရာနှင့်အခြေခံအ ဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID)ဘဏ်ဟာ အစိုးရနဲ့ ပုဂ္ဂလိက အကျိုးတူလုပ်ကိုင်တဲ့ဘဏ်တခုဖြစ်ပြီး ဆောက် လုပ်ရေးဝန်ကြီးတွေက ဘဏ်နာယကအဖြစ် တာဝန်ယူလေ့ရှိပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလအတွင်း CHID ဘဏ်ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ စစ်ကောင်စီခန့် ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေးရဲ့ပြောဆိုချက်အရ CHID ဘဏ်အနေနဲ့ အဲ့ဒီနှစ်အထိ အိမ်ရာချေးငွေ စုစုပေါင်း ကျပ် ၇၁ဘီလီယံ ထုတ်ချေးခဲ့တယ်လို့ သိရပါတယ်။

အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ်(SMED)ကတော့ ဇေကမ္ဘာဦးခင်ရွှေ ဖမ်းဆီးမခံရခင်အထိ နာယကအဖြစ်တာဝန်ယူခဲ့တဲ့ ဘဏ်ဖြစ်ပါတယ်။

အဲ့ဒီဘဏ်ဟာ အာဏာသိမ်းအပြီးရက်အပိုင်းအကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၈ရက်က အမေရိကန် သူဌေးဂျော့ဆိုး ရော့စ်ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာ(Open Society Myanmar) အတွက် ကန်ဒေါ်လာ တသန်းခွဲနီးပါး (ကျပ်သိန်းနှစ်သောင်းဝန်းကျင်) ထုတ်ပေးခဲ့တယ်ဆိုပြီး စစ်ကောင်စီကအရေးယူမယ်လို့ ကြေညာခံခဲ့ရဖူးပါတယ်။

ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာ(Open Society Myanmar)အတွက် SMED ဘဏ်ကို ၂၀၁၈ခုနှစ်ကတည်းက လွှဲ ပေးထားတဲ့ ကန်ဒေါ်လာငါးသန်းထဲက တသန်းခွဲနီးပါးကို ဗဟိုဘဏ်ညွှန်ကြားချက်တွေချိုးဖောက်ကာ ထုတ်ပေးခဲ့ တယ်လို့ စစ်ကောင်စီကစွပ်စွဲခဲ့တာပါ။

အဲ့ဒီကိစ္စအတွက် SMEDဘဏ် ဒုတိယဥက္ကဌတဦးဖြစ်တဲ့ ဦးဇေယျာညွန့်ကို စစ်ကောင်စီက ၂၀၂၁ခုနှစ်မတ်လ အ တွင်းဖမ်းဆီးခဲ့ပြီး ဘဏ်တာဝန်ရှိသူတွေကိုအရေးယူမယ်လို့ထုတ်ပြန်ခဲ့ပေမယ့် ဘယ်လိုအရေးယူမှုတွေလုပ်တယ် ဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

ပြည်တွင်းရွှေဈေးနဲ့နိုင်ငံခြားငွေကြေးတွေအပါအဝင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဖြစ်လာပြီးနောက် အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြားငွေအရောင်းအဝယ်လုပ်သူတွေ၊ရွှေ၊ဆီ၊ဆန်စတဲ့ လုပ်ငန်းရှင်တွေကို ဖမ်း ဆီးမှုတွေဆက်တိုက်လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပြည်တွင်းကို ပို့ကုန်ရငွေ ကန်ဒေါ်လာငါးသိန်းနဲ့အထက် ပြန်မသွင်းလို့ဆိုကာ တရုတ်အစိုးရပိုင် လုပ်ငန်းတခုအပါအဝင် ကုမ္ပဏီ ၂၈ကို အမည်ပျက်စာရင်းသွင်းခဲ့ပါတယ်။

အလားတူ ပြည်တွင်းဆန်ဈေးကွက် သတ်မှတ်နှုန်းထားထက် ဈေးတင်ရောင်းတယ်ဆိုပြီး ဂျပန်နိုင်ငံအခြေစိုက် Aeon ရဲ့ လုပ်ငန်းခွဲ Aeon Orange ရဲ့ ဒါရိုက်တာ ဂျပန်နိုင်ငံသားတဦးအပါအဝင် နာမည်ကြီးဈေးဝယ်စင်တာ လေးခုက တာဝန်ရှိသူတွေနဲ့ ဆန်စပါးလုပ်ငန်းရှင် ၇ဦးတို့ကိုဖမ်းဆီးထားပါသေးတယ်။