စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန် လာရောက်ဖို့ ပျက်ကွက်သူတွေကို အရေးယူမယ်လို့ဆို

ပုံစာ – စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဥ် (၂) စစ်သင်တန်း

မေ ၊ ၂၂

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့အချိန် လာရောက်ဖို့ ပျက်ကွက်သူတွေကို အရေးယူဖို့ ဆောင်ရွက်ရမယ်လို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောပါတယ်။ 

နေပြည်တော်မှာ မေလ ၂၀ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ လက်ရှိစစ်ကောင်စီတပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက အခုလို ပြောသွားတာဖြစ်ပါတယ်။ 

အပတ်စဥ် (၁) နဲ့ အပတ်စဥ် (၂) စစ်သင်တန်းတွေအတွက် လာရောက်ဖို့ ပျက်ကွက်ခဲ့သူတွေကို အခုလို အရေးယူဖို့ ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ အပတ်စဥ် (၃) အတွက်လည်း လျာထားချက်တွေ ပြည့်မီစွာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အတည်ပြုလိုက်ပြီးနောက် ဧပြီလထဲမှာက အပတ်စဥ် (၁)နဲ့ အခု မေလထဲမှာက အပတ်စဥ် (၂) စစ်သင်တန်းတွေ စပေးနေပြီဖြစ်ပါတယ်။ 

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်သင်တန်းအပတ်စဥ်တခုမှာ သင်တန်းသား ငါးထောင်အထိ သင်တန်းပေးမယ်လို့ပြောထားတာကြောင့် စစ်မှုထမ်းဥပဒေပြဌာန်းပြီး သုံးလအတွင်း စစ်သားအဖြစ်စုဆောင်းခံရသူ အနည်းဆုံး တသောင်းရှိပြီလို့ဆိုနိုင်ပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေမှာလည်း မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က  မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တဲ့အချိန် လာရောက်ဖို့ ပျက်ကွက်သူ၊ မှတ်ပုံတင်ထားပြီးနောက် ဆေးစစ်ဖို့ဆင့်ခေါ်တဲ့အချိန် ပျက်ကွက်သူတွေအနေနဲ့ ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံးနဲ့ဖြစ်စေ အရေးယူခံရမယ်လို့ ပါရှိပါတယ်။ 

ဒါ့အပြင် ဆေးစစ်တာအောင်မြင်တဲ့သူတွေအနေနဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့အချိန် လာရောက်ဖို့ ပျက်ကွက်ရင်လည်း အဲဒီအတိုင်းပဲ အရေးယူခံရမယ်လို့ပါရှိပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာတော့ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အောင်သာယာကျေးရွာမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရသူ နှစ်ဦးထဲက တဦး ထွက်ပြေးသွားလို့ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ 

“ထွက်ပြေးတဲ့သားကို ခေါ်ပေး၊ မခေါ်ပေးရင် ထောင် ငါးနှစ်ချမယ်လို့ ခြိမ်းခြောက်တယ်၊ ရှာမတွေ့တော့ သိန်းတရာ့ငါးဆယ်တောင်းတယ်” လို့ အောင်သာယာကျေးရွာ ရွာခံတဦးက ပြောပါတယ်။ 

အဲဒီလို ခြိမ်းခြောက်ဖိအားပေးခံရပြီးနောက် မိသားစုဝင်တွေက ဘယ်လိုဖြေရှင်းခဲ့လဲဆိုတာကိုတော့ Delta News Agency အတိအကျ မသိရသေးပါဘူး။ 

ဒါ့အပြင် အခု မေလ ၁၈ ရက်နေ့ကလည်း အောင်သာယာကျေးရွာအပါအဝင် အနီးအနားရွာတွေက အနည်းဆုံး လူငယ်လေးဦးထံ  စစ်မှုထမ်းဖို့ အသက်ပြည့်မီသူတွေအဖြစ် မေလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး လာရောက်စာရင်းသွင်းဖို့ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဆင့်ခေါ်စာတွေ ပေးပို့လာတယ်လို့လည်း သိရပါတယ်။ 

စစ်ကောင်စီကတော့ စစ်မှုထမ်းဥပဒေအရ အခုလို စစ်သားစုဆောင်းပြီး သင်တန်းပေးနေတာတွေရှိပေမယ့် စစ်မှုထမ်းဥပဒေကို အကောင်ထည်ဖော်မယ့် လမ်းညွှန်လို့ ဆိုနိုင်မယ့် နည်းဥပဒေက အခုထိမထွက်လာသေးဘဲ မူကြမ်းအဆင့်မှာပဲ ရှိသေးတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ အပတ်စဥ် (၁) နဲ့ အပတ်စဥ် (၂) စစ်သင်တန်းတွေအတွက်လည်း သူတို့ပြဌာန်းထားတဲ့ ဥပဒေအတိုင်း အဆင့်ဆင့် ဆင့်ခေါ်တာမျိုးမလုပ်ဘဲ အများစုဟာ မဲနှိုက်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။