မတ် ၊ ၂၇
ဂါဇာ ကမ်းရိုးတန်းနားမှာ လေထီးနဲ့ ကြဲချတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ရယူဖို့ ကြိုးစားရင်း ပါလက်စတိုင်း တဒါဇင်လောက် ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးရဲ့ ထိုးစစ် ၆ လနီးပါး ကြာမြင့်လာတဲ့နောက် ဂါဇာမှာ ရိက္ခာပြတ်တောက်ပြီး ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေးက ဆိုးဆိုးရွားရွား ခြိမ်းခြောက်လာတဲ့ အခြေအနေ ဖြစ်နေတာကြောင့် နိုင်ငံတကာ အသိုက်အဝန်းက ပါလက်စတိုင်း ပြည်သူတွေဆီ ရိက္ခာတွေနဲ့ အထောက်အပံ့ ပစ္စည်းတွေကို လေထီးနဲ့ ကြဲချပေးနေတာပါ။
မတ်လ ၂၅ ရက်နေ့ကတော့ ဂါဇာမြောက်ပိုင်းက ဘိတ်ထ်လာဟီရာ ကမ်းခြေနားမှာ ပါလက်စတိုင်းတွေက ရေပေါ် ပေါလောမျောနေတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေဆီ အလုအယက် သွားရောက်ကြရင်း ၁၂ ဦး ရေနစ် သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နောက်ပိုင်းမှာတော့ ကမ်းခြေမှာ ရှိနေသူတွေဟာ ထောက်ပံ့ရေး ပစ္စည်း သေတ္တာတွေကိုသာ မကဘဲ ရေနစ်သေသူတွေရဲ့ အလောင်းတွေကိုပါ ဆွဲတင်ခဲ့ကြရပါတယ်။
ထောက်ပံ့ရေး ပစ္စည်းတွေထဲက စာရွက်စာတမ်း တချို့နဲ့ အမေရိကန် အလံ အမှတ်အသားတွေကို တွေ့ရှိရတာကြောင့် အဲဒီ ပစ္စည်းတွေကို လေထီးနဲ့ ကြဲချပေးတာဟာ အမေရိကန်ရဲ့ အစီအစဉ် ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ပါတယ်။ အမေရိကန်ဟာ ကာတာ၊ အီဂျစ်စတဲ့ တခြားနိုင်ငံတချို့နဲ့အတူ ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ လေကြောင်းကနေ ကြဲချပေးတဲ့ အစီအစဉ်ကို အင်တိုက်အားတိုက် အကောင်အထည် ဖော်နေပါတယ်။
အစ္စရေးရဲ့ ဘက်ပေါင်းစုံ ပိတ်ဆို့မှုတွေကြောင့် ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေကို လေထီးနဲ့ ကြဲချပေးနေရတာဟာ အထိရောက်ဆုံး၊ အန္တရာယ် အကင်းဆုံး ရွေးချယ်မှုမျိုးတော့ မဟုတ်ပါဘူး။ အရင်ကလည်း လေထီးမပွင့်ဘဲ အရှိန်နဲ့ ကျလာတဲ့ သေတ္တာတွေကြောင့် မြေပြင်ပေါ် ရှိနေသူတွေ သေဆုံးတဲ့ ကိစ္စမျိုးတွေ ကြုံခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ လတုန်းကလည်း ဂါဇာကို ဝင်ရောက်လာတဲ့ ထောက်ပံ့ရေး ယာဉ်တန်းနား ပါလက်စတိုင်းတွေ စုဝေးနေချိန် အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ အစ္စရေးကတော့ ယာဉ်တန်းကို ချိန်ရွယ် ပစ်ခတ်ခဲ့တယ် ဆိုတာကို ငြင်းဆိုပြီး စုဝေးနေတဲ့ ပါလက်စတိုင်းတွေက ရန်လိုမှုတွေ ပြသလာတာကြောင့် ခြောက်လှန့်တဲ့ သဘောလောက်သာ တုံ့ပြန်ခဲ့တာလို့ ကာကွယ် ပြောကြားထားပါတယ်။
Ref: AP