မတ်၊ ၂၂
တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ ဘဏ်တွေပိတ်ထားတာကြောင့် ဒေသတွင်း ငွေလွှဲ၊ ငွေထုတ်ဖို့ အခက်ကြုံနေကြပြီး ပြင်ပငွေထုတ်ပေးသူတွေဆီမှာ ငွေတသိန်းကို တသောင်းကျော်အထိပေးကာ ထုတ်ယူနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ဒေသ တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကတည်းက ပြည်နယ်မြောက်ပိုင်း မြို့နယ်အားလုံးမှာ ဘဏ်တွေ ပိတ်သွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု မရှိသေးတဲ့ မြို့တော်စစ်တွေမှာလည်း စီးပွားရေးဘဏ်တခုသာ ဖွင့်တော့တယ်လို့ ဆိုပါတယ်။
“ဘဏ်တွေကတော့ KBZ၊ CB၊ မွေးရေ(GTB) တခုမှ မဖွင့်တော့ဘူး၊ တိုက်ပွဲစဖြစ်ကတည်းက ပိတ်သွားတာ၊ ဘဏ်ဝန်ထမ်းတွေကိုတောင် ရွှေ့လိုက်ကြပြီ၊ မြောက်ပိုင်းတခုလုံးမှာ ဘဏ်တွေလုံးဝ မလည်ပတ်တော့တာ” လို့ ရခိုင်မြောက်ပိုင်းမှ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတဦးက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ဘဏ်တွေပိတ်သွားတာဟာ တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ အင်တာနက်ဖြတ်တောက်လိုက်တာတို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲ မရှိတော့ရင် ဘဏ်ကဖွင့်လို့ရတယ်၊ ဒါပေမယ့် အင်တာနက်မရရင် ဘဏ်က အလုပ်လုပ်လို့ မရဘူးလေ” လို့ နောက်ထပ် ပုဂ္ဂလိကဘဏ်ဝန်ထမ်း အမျိုးသမီးတဦးက ပြောပါတယ်။
အဲဒီလိုဘဏ်တွေပိတ်ထားတာကြောင့် ငွေသားထုတ်ယူဖို့ မလွယ်ကူတော့ဘဲ ငွေသားရှားပါးမှုနဲ့ ကြုံနေကြရကာ ငွေထုတ်ခတွေ အဆမတန်စျေးကြီးသွားတာလို့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အခုအခါ စစ်တွေမြို့ပေါ်မှာ ငွေသားတသိန်းကို ခြောက်ထောင်ကနေ တသောင်းအထိ ပေးထုတ်နေရပြီး ပေါက်တော၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်စတဲ့မြို့နယ်တွေမှာတော့ ငွေတသိန်းကို ရှစ်ထောင်ကနေ တသောင်းနှစ်ထောင်ထိ ပေးကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ငွေသား ရှားနေတာကြာပြီ၊ ပမာဏများရင် ထုတ်ပေးဖို့မလွယ်ဘူး၊ နည်းရင်တော့ ဟိုက ဒီက ရှာပြီး ထုတ်ပေးလို့ရတာပေ့ါ၊ ဟိုးဘက် ဘဏ်တွေကနေ လှမ်းမှာထုတ်ဖို့ကလည်း လမ်းတွေပါ ပိတ်နေတာ” လို့ မင်းပြားမြို့နယ်မှ ငွေလွှဲ၊ ထုတ်လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
အဲဒီလို ငွေထုတ်ခတွေ စျေးကြီးနေတာကြောင့် ပြည်ပအလှူရှင်တွေရဲ့ ငွေလွှဲထောက်ပံ့မှုတွေကို အားကိုးကာ ဒေသတွင်းစစ်ဘေးရှောင်တွေအပေါ် ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း အခက်ကြုံကြရတယ်လို့ ဆိုပါတယ်။
“ဟိုက တသိန်းလှူရင် ကိုးသောင်းပဲကျန်တယ်၊ ဘာမှ မလှူရသေးခင် ငွေထုတ်ခ တသောင်းကုန်သွားတယ်၊ အလှူငွေတွေ နှမြောဖို့ကောင်းတယ်၊ တကယ့်လိုအပ်တဲ့သူတွေဆီကို ရောက်သင့်သလောက်မရောက်ဘူးလေ” လို့ စစ်ရှောင်အရေး ကူညီပေးနေသူတဦးက ပြောပါတယ်။
ရခိုင်ဒေသတိုက်ပွဲတွေဟာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှာ စခဲ့ပြီး အဲဒီနေ့မှာပဲ ရခိုင်ပြည်တွင်းလမ်းတွေနဲ့ ရခိုင်ပြည်သို့ ပြည်မကနေ ဆက်သွယ်ထားတဲ့ လမ်းတွေအားလုံးကို စစ်ကောင်စီက ပိတ်ခဲ့တာကြောင့် ကုန်စည်စီးဆင်းမှု လုံးဝနီးပါး ရပ်တန့်ခဲ့ရတာပါ။
အဲဒီနောက် နှစ်လဝန်းကျင်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလလယ်မှာတော့ စစ်တွေအပါအဝင် မြို့နယ်အားလုံးနီးကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေကိုပါ ထပ်မံဖြတ်တောက်ခဲ့ပါတယ်။
လက်ရှိမှာ AA ဟာ ပြည်နယ်မြောက်ပိုင်းက ရသေ့တောင်၊ ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနဲ့ အလယ်ပိုင်းရှိ ရမ်းဗြဲမြို့နယ်တို့ကို သိမ်းပိုက်ထားတာ မြောက်ပိုင်းရှိ လက်ကျန်မြို့နယ်တွေဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့ကိုပါ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေပါတယ်။
ဒီချုပ်အစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်တိုက်ပွဲကာလတုန်းကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်အားလုံးနီးပါးမှာ အင်တာနက်တွေ ဖြတ်တောက်ခဲ့တာကြောင့် ဒေသတွင်း ငွေလွှဲလုပ်ငန်းတွေ ရပ်တန့်ကာ အခက်ကြုံခဲ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှာလည်း ပုဂ္ဂလိကဘဏ်တွေက ငွေထုတ်ယူသူတွေ များပြားတဲ့အတွက် စစ်ကောင်စီက ငွေသားထုတ်ယူမှု ကန့်သတ်ခဲ့တာကြောင့် ငွေသားတသိန်းကို တသောင်းခွဲလောက်အထိ ပေးပြီးထုတ်ခဲ့ရတာလည်း ရှိပါတယ်။
ဓာတ်ပုံ – Reuters (ပုံဟောင်း)