ဖေဖော်ဝါရီ၊ ၂၆
စက်မောင်း လုံးဝ မပါဘဲ ရထားတစီးက ကီလိုမီတာ ၇၀ လောက် ခုတ်မောင်းခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အိန္ဒိယမှာ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့ခဲ့တဲ့ မှတ်တမ်း ဗီဒီယို တချို့မှာတော့ အဲဒီ ကုန်တင်ရထားဟာ ဘူတာတချို့ကို မြန်နှုန်း မြင့်မြင့်နဲ့ ဖြတ်သန်း ခုတ်မောင်းသွားခဲ့တာကို တွေ့ရပါတယ်။
သတင်းတွေမှာ ဖော်ပြချက်အရ အဲဒီ ရထားဟာ စက်မောင်း မပါဘဲနဲ့ ဂျမူး-ကက်ရှ်မီးယား ဒေသမှာရှိတဲ့ ကာသူအာကနေ ပန်ဂျပ်ပြည်နယ်ထဲက ဟိုရှီရာပူရ ခရိုင်ထိ မရပ်မနား ခုတ်မောင်းသွားခဲ့ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်က ဘယ်လို အမှားအယွင်းမျိုးကြောင့် အခုလို ဆိုးရွားတဲ့ လွဲချော်မှုကြီး ဖြစ်ခဲ့သလဲ ဆိုတာကို ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေက စတင် စစ်ဆေးနေပါတယ်။
နောက်ဆုံးတော့ ရထားက သူ့ဖာသာ ရပ်တန့်သွားခဲ့ကြောင်း၊ ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူတွေတော့ မရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်စရစ်တွေ တင်ဆောင်ထားပြီး စုစုပေါင်း ၅၃ တွဲပါတဲ့ ရထားဟာ ကာသူအာမှာ ရပ်နားပြီး စက်မောင်း အပြောင်းအလဲ လုပ်တဲ့အချိန်မှာ ဘူတာကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ရထားစက်မောင်းနဲ့ လက်ထောက်တို့ စက်ခေါင်းကနေ ဆင်းသွားချိန် အတောအတွင်းမှာ ရထားဟာ ကုန်းစောင်းအတိုင်း လိမ့်ဆင်းသွားပြီး အဲဒီနောက် တနာရီကို ကီလိုမီတာ ၁၀၀ နှုန်းလောက် မြန်ဆန်ပြီး ဘူတာ ၅ ခုကို ဖြတ်သန်း ခုတ်မောင်းခဲ့တာပါ။
ထိန်းချုပ်မှု လွတ်သွားတဲ့ ရထားရဲ့ သတင်းကို ကြားခဲ့တဲ့နောက် ရထားလမ်း တလျှောက်မှာရှိတဲ့ ကားလမ်းနဲ့ ဖြတ်တဲ့ လမ်းဆုံ အားလုံးကို တာဝန်ရှိသူတွေက ကြိုတင် ပိတ်ထားခဲ့လို့လည်း ဆိုးရွားတဲ့ မတော်တဆမှုတွေကို ရှောင်လွှဲနိုင်ခဲ့ပါတယ်။ နောက်ပြီး ရထားရဲ့ မြန်နှုန်းကို လျှော့ချဖို့အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက သံလမ်းပေါ်မှာ သစ်တုံးတွေကို ချထားခဲ့ပြီး အဲဒီအတွက်လည်း ရထားက ရပ်တန့်သွားခဲ့တာလို့ သိရပါတယ်။
ရထားက ဘာလို့ အခုလို စက်မောင်းမပါဘဲ အကြာကြီး မောင်းနှင်ဖြစ်ခဲ့သလဲ ဆိုတာကို မသိရသေးသလို အနာဂတ်မှာ နောက်ထပ် အလားတူ အခြေအနေတွေကနေ ရှောင်လွှဲဖို့ အစီအမံတွေ လုပ်ဆောင်သွားမယ်လို့လည်း ရထားပို့ဆောင်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
Ref: BBC