လမျက်နှာပြင်ပေါ် ပုဂ္ဂလိကပိုင် အာကာသယာဉ်တစီး ပထမဆုံးအကြိမ် ဆင်းသက်

ဖေဖော်ဝါရီ၊ ၂၃

အမေရိကန် ပုဂ္ဂလိက ကုမ္ပဏီ တခုက လွှတ်တင်လိုက်တဲ့ လူမဲ့ စက်ရုပ်ယာဉ်ငယ်ဟာ လပေါ်ကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂၂ ရက်နေ့ အောင်မြင်မှုကြောင့် ဟူစတန်မြို့ အခြေစိုက် Intuitive Machinesဟာ အစိုးရ မဟုတ်တဲ့ ပုဂ္ဂလိက ကုမ္ပဏီ တခုက လမျက်နှာပြင်ပေါ် ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်တဲ့ မစ်ရှင်မျိုး စေလွှတ်နိုင်တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။

လူလိုက်ပါသွားခြင်း မရှိတဲ့ ခြေခြောက်ချောင်းထောက် Odysseus ယာဉ်ငယ်ဟာ လရဲ့ တောင်ဝင်ရိုးစွန်းနားမှာ အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့ကြောင်း ကုမ္ပဏီနဲ့ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)တို့က အတည်ပြုခဲ့ပါတယ်။

နာဆာဟာ ဆယ်စုနှစ် ငါးခုကျော်ကြာ ကာလအတွင်း လမျက်နှာပြင် စူးစမ်းရေး မစ်ရှင်တွေ ပြန်လည် စတင်မယ့် Artemis စီမံကိန်းကို အကောင်အထည် ဖော်နေပြီး အဲဒီ ရည်မှန်းချက်အတွက် ကိုယ်တိုင် အာကာသယာဉ်တွေ စေလွှတ်မယ့်အစား ပုဂ္ဂလိက ကုမ္ပဏီတွေကို ကန်ထရိုက် စာချုပ်တွေနဲ့ ငှားရမ်း တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Odysseusရဲ့ အောင်မြင်မှုဟာ Artemis စီမံကိန်းရဲ့ တောက်ပတဲ့ အရုဏ်ဦး ဖြစ်တယ်လို့လည်း နာဆာက တင်စား ညွှန်းဆိုခဲ့ပါတယ်။ Odysseusဟာ နာဆာရဲ့ လစူးစမ်းရေးဆိုင်ရာ သိပ္ပံနဲ့ နည်းပညာ ကိရိယာပေါင်း ၆ ခုကို တင်ဆောင်သွားတယ်လို့ သိရပါတယ်။

အမေရိကန်ဟာ ၁၉၇၂ ခုနှစ်တုန်းက Apollo 17 ခရီးစဉ်ကို လွှတ်တင်ပြီး လပေါ်ကို နောက်ဆုံးအကြိမ် အာကာသယာဉ် ဆင်းသက်စေခဲ့ဖူးပါတယ်။ အဲဒီနောက် ရာစုနှစ်ဝက်လောက် လမျက်နှာပြင် စူးစမ်းရေး ကဏ္ဍကို မျက်ကွယ် ပြုထားပေမယ့် အခုအခါ တရုတ်၊ ရုရှား၊ အိန္ဒိယစတဲ့ နိုင်ငံတွေရဲ့ အာကာသ နည်းပညာ ပြိုင်ဆိုင်မှု နယ်ပယ်ထဲ တကျော့ပြန် ဝင်ရောက်လာတာပါ။

လောလောဆယ်တော့ အမေရိကန်ဟာ လပေါ်ကို လူမဲ့ စူစမ်းလေ့လာရေး အာကာသယာဉ်တွေကိုပဲ စေလွှတ်နေပြီး အဲဒီနောက်ပိုင်းကျမှ လူသားတွေ လိုက်ပါသွားနိုင်မယ့် Artemis မစ်ရှင် အနာဂတ် ရည်မှန်းချက်တွေကို ချဲ့ထွင်သွားမှာပါ။

Odysseusဟာ လပေါ်မှာ အခြေတကျ ဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာ စူးစမ်းလေ့လာမှု သုတေသန အချက်အလက်တွေကို ကမ္ဘာမြေဆီ စတင် ပို့ဆောင်သွားမယ်လို့လည်း သိရပါတယ်။

 

Ref: CNA