ဖေဖော်ဝါရီ၊ ၂၀
ယူကရိန်းဖက် အလင်းဝင်ပြီး ဘက်ပြောင်း ခိုလှုံခဲ့သူ ရုရှား ပိုင်းလော့ တဦးဟာ စပိန်နိုင်ငံမှာ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရကြောင်း သိရပါတယ်။
မက်ဆင် ကူဇ်မီနော့ဗ်ရဲ့ သေနတ်ဒဏ်ရာ တချို့နဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က စပိန်တောင်ပိုင်း၊ ဗီလာဂျိုယိုဆာ မြို့ထဲက မြေအောက် ကားဂိုဒေါင် တခုထဲမှာ ရှာတွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက အခုသီတင်းပတ်မှာ အတည်ပြုခဲ့ပါတယ်။
ကူဇ်မီနော့ဗ်ဟာ ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လတုန်းက Mi-8 ရဟတ်ယာဉ် တစီးကို မောင်းနှင်ပြီး ယူကရိန်းဖက်ကို ကူးပြောင်း ခိုလှုံခဲ့တာကြောင့် ယူကရိန်း မီဒီယာတွေရဲ့ အဓိက ဝါဒဖြန့်ရာ မျက်နှာဖုံးရှင်တဦး ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီနောက် သူဟာ ယူကရိန်း ပတ်စ်ပို့တ် ရရှိပြီး တခြားနာမည်သစ်တခု၊ ဘဝသစ် တခုနဲ့ စပိန်မှာ ပြောင်းရွှေ့ အခြေချပြီး ကိုယ်ရောင်ဖျောက်နေခဲ့တာပါ။
ယူကရိန်း စစ်ထောက်လှမ်းရေးက ကူဇ်မီနော့ဗ် လုပ်ကြံခံရတဲ့ ကိစ္စကို အသေးစိတ် မထုတ်ပြန်ခဲ့သေးပေမယ့် အရာရှိ တဦးကတော့ စပိန်မှာ သူသေဆုံးသွားတယ် ဆိုတာကို အတည်ပြုထားပါတယ်။
စပိန်အာဏာပိုင်တွေက ကားဂိုဒေါင်ထဲမှာ အမျိုးသားတဦး ပစ်သတ်ခံထားရတဲ့ သတင်းကို မငြင်းပေမယ့် ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။ လူသတ်မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ သိရပါတယ်။
ကူဇ်မီနော့ဗ်ရဲ့ ဘက်ပြောင်း ခိုလှုံမှုဟာ ယူကရိန်းအတွက် ဝါဒဖြန့်ချိရေး အောင်ပွဲတခု ဖြစ်ခဲ့ပြီး ယူကရိန်း ထောက်လှမ်းရေး GURက ကူဇ်မီနော့ဗ်ကို ရဟတ်ယာဉ်နဲ့အတူ ယူကရိန်းဆီ ဆက်သွယ် ခိုလှုံလာအောင် စည်းရုံး သိမ်းသွင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ဖူးပါတယ်။ သူနဲ့အတူ ရဟတ်ယာဉ်ပေါ် ပါလာခဲ့တဲ့ ရုရှား စစ်သည် နှစ်ဦးကတော့ အညံ့ခံဖို့ ငြင်းဆိုခဲ့တာကြောင့် ယူကရိန်း တပ်တွေရဲ့ ရှင်းလင်းသုတ်သင်ခြင်းကို ခံခဲ့ရပါတယ်။
Ref: AFP