ဖေဖော်ဝါရီ၊ ၁၀
အသက် ၁၈နှစ်ပြည့်တဲ့ အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း အနည်းဆုံး နှစ်နှစ် စစ်မှုထမ်းဖို့ပြဌာန်းထားတဲ့ နအဖ စစ်အစိုးရလက်ထက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီကစတင်အသက်သွင်းလိုက်ပါတယ်။
နအဖ စစ်အစိုးရခေတ် ၂၀၁၀ခုနှစ်မှာ ရေးဆွဲအတည်ပြုခဲ့တဲ့ အဲ့ဒီစစ်မှုထမ်းဥပဒေဟာ ဒီကနေ့မှာ စတင်အာဏာ တည်စေရမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်တာပါ။
အဲ့ဒီစစ်မှုထမ်းဥပဒေအရ အမျိုးသားဆိုရင် အသက် ၁၈နှစ်ကနေ ၃၅နှစ်အထိ၊အမျိုးသမီးဆိုရင် အသက် ၁၈နှစ် က နေ ၂၇နှစ်အထိ၊နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေဆိုရင် အမျိုးသားက အသက် ၁၈နှစ်ကနေ ၄၅နှစ်အထိ၊အမျိုး သမီးက ၁၈နှစ်ကနေ ၃၅နှစ်အထိ အရွယ်ရှိသူတွေ စစ်မှုထမ်းရမယ်လို့ သတ်မှတ်ထားပါတယ်။
နယ်ပယ်အလိုက်ကျွမ်းကျင်သူတွေဆိုတာကတော့ ဆရာဝန်၊အင်ဂျင်နီယာ၊စက်မှုလက်မှုပညာတတ် မြောက်သူ ၊ဒါမှမဟုတ် တခြား ပညာရပ်တခုခုနဲ့ အသက်မွေးဝမ်းကျောင်းနေသူတွေကို ဆိုလိုတာဖြစ်ပါတယ်။
စစ်မှုထမ်းရမယ့်ကာလအနေနဲ့ သတ်မှတ်အသက်အရွယ်ရှိတဲ့ နိုင်ငံသားတိုင်းကို နှစ်နှစ်ထက်မပိုတဲ့ ကာလအပိုင်း အခြားအတွက် စစ်မှုထမ်းဖို့ဆင့်ခေါ်နိုင်တယ်လို့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာဖော်ပြထားပါတယ်။
ဒါ့အပြင် တပ်မတော် စက်မှု၊လက်မှု ပညာသည်တွေနဲ့ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကတော့ သုံးနှစ်ထက် မပိုတဲ့ကာလအတွက် စစ်မှုထမ်းဖို့ဆင့်ခေါ်နိုင်တယ်လို့ပါရှိပါတယ်။
ဒါ့အပြင် နိုင်ငံဟာ အရေးပေါ်အခြေအနေဖြစ်နေရင် စစ်မှုထမ်းရမယ့်ကာလကို ငါးနှစ်အထိ တိုးမြှင့်သတ်မှတ် နိုင် တယ်လို့လည်း ဆက်လက်ပြဌာန်းထားပါသေးတယ်။
အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ခုခံတော်လှန်မှုတွေကြောင့် အင်အားဆုတ်ယုတ်လာပြီး စစ်မျက်နှာတွေ အများအပြားဖွင့်ထားရတဲ့ စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်နဲ့ ရခိုင်မှာ တိုက်ခိုက်ရေး အင် အား ထောင်၊သောင်းချီ လျော့နည်းခဲ့တဲ့နောက် စစ်မှုထမ်းဥပဒေကို အသက်သွင်းလာတာပါ။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ မြို့နယ်တွေတိုင်းမှာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ ဖွဲ့ထားမှာဖြစ်ပြီး အဲ့ဒီအဖွဲ့ တွေက စစ်မှုထမ်းရမယ့်အသက်အရွယ်ရောက်ပြီးသူနိုင်ငံသားတိုင်းကိုမှတ်ပုံတင်ထားကာ ဆေးစစ်ဖို့ဆင့် ခေါ်နိုင် တယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။