ပေါက်ခေါင်းမှာ ပျူစောထီးဆိုသူတဦး ပစ်ခတ်ခံရလို့ သေဆုံး

နိုဝင်ဘာ၊ ၉

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စု၊ ကျောက်ပြင်သာရွာက ပျူစောထီးသင်တန်းဆင်းဆိုသူတဦးကို  နိုဝင်ဘာ၈ ရက်၊ မနေ့က နေ့လယ် ၃နာရီခွဲဝန်းကျင်မှာ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

  “မနေ့ကညနေပိုင်းမှာ စစ်ကောင်စီ ထောက်တိုင်ဖြစ်တဲ့ ဝင်းနိုင်ကို သူ့ရဲ့နေအိမ်ခြံဝန်းထဲမှာ ကျွန်တော်တို့က သွားပစ်လိုက်တာ ”လို့ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၅ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေက သေဆုံးသူ ဦးဝင်းနိုင်ကို သေနတ်နဲ့ငါးချက်တိတိပစ်ခတ်ခဲ့ပြီး ခေါင်းကို ထိမှန်ကာ နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားတယ်လို့ လည်း အဲဒီသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

ဦးဝင်းနိုင်ဟာ ဒေသခံတွေကို အကြပ်ကိုင်ဖိနှိပ်တာမျိုးတွေအပြင် ကာကွယ်‌ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းတွေကို လိုက်လံထောက်လှမ်းပြီး စစ်ကောင်စီကို ပေးပို့တာမျိုးတွေ မကြာခဏပြုလုပ်နေတာကြောင့် အခုလိုပစ်ခတ်တာလို့လည်း ပြောပါတယ်။

 “  အုပ်စုမှာရှိတဲ့ ရွာသားတွေကို စိုက်ပျိုးချေးငွေတွေကို မရမကတောင်းတယ်။ အတင်းအကြပ်ဆပ်ခိုင်းတယ်။ဖိအားပေးပြီးဆပ်ခိုင်းတယ်” လို့ အဲ့ဒီတာဝန်ရှိသူကဆိုပါတယ်။

ပြည်ခရိုင်PDF ရဲ့ ပြောဆိုချက်နဲ့ပတ်သတ်ပြီး DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြည်ခရိုင် တပ်ရင်း ၃၆၀၁(PPDF) တပ်ခွဲ၅ နွေဦး အဖွဲ့နဲ့ တပ်ရင်း၃၆၀၂(PDF) တပ်ခွဲ၃ တို့ကနေ အဲ့ဒီဦးဝင်းနိုင်နဲ့ ပတ်သတ်သူတွေ ပြည်သူနဲ့အတူ မပူးပေါင်းပါက အခုပစ်ခတ်သလို  ပြတ်ပြတ်သားသား အ‌ရေးယူသွားမယ်လို့ပြောပါတယ်။