ဟုမ္မလင်းမြို့နယ်က အရေးပါတဲ့ စစ်ကောင်စီစခန်းတခုကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်

နိုဝင်ဘာ၊ ၈
 
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင် ကျေးရွာအုပ်စု လွှစင်ကုန်းရွာမှာ ရှမ်းနီ လက်နက်ကိုင်တပ်ဖွဲ့ (SNA) နဲ့ စစ်ကောင်စီတပ်ပူးပေါင်းအထိုင်ချထားတဲ့ တပ်စခန်းကို ဒီကနေ့ နေ့လယ်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဟုမ္မလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ခံတဦးက ပြောပါတယ်။
 
“ နောင်ပိုအောင်ဘက်ကို သူတို့ ပြန်ဆုတ်ပြီး လွှစင်ကုန်းကို လက်နက်ကြီးနဲ့ ပစ်နေတယ်၊ ကျဆုံးတာများတော့ အနောက်ဆုတ်သွားတာပေါ့ ” လို့ သူကပြောပါတယ်။
 
ဟုမ္မလင်းမြို့ အရှေ့တောင်ဘက် ဥရုချောင်းအနီးမှာရှိတဲ့ ဟုမ္မလင်း-မုံရွာ လမ်းပေါ်က အဲဒီစစ်စခန်းကို တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၄ ရက်ကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပြီး ငါးရက်အကြာမှာ စခန်းကုန်းကို သိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် နောက်ဆုံးခုခံတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နောင်ပိုအောင်ရွာဘက်မှာရှိတဲ့ နောက်ထပ်တပ်စခန်းတခုဆီ ဆုတ်ခွာပူးပေါင်းသွားကြတာကြောင့် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
 
ငါးရက်တာ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေဘက်က တဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သလို စစ်ကောင်စီတပ်ဘက်ကလည်း တပ်ဖွဲ့၀င်ခြောက်ဦးနဲ့ ရှမ်းနီလက်နက်ကိုင်တပ် (SNA)အရာရှိတဦး သေဆုံးခဲ့တယ်လို့ သိထားပြီး ဒီထက်လည်းပိုများနိုင်တယ်လို့ ဟုမ္မလင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ခံက ဆိုပါတယ်။
 
“ နောင်ပိုအောင် တံတားပေါ်ကနေ ဥရုချောင်းထဲကို သူတို့ ရုပ်အလောင်းတွေ ပစ်ချတယ်လို့ ဒေသခံတွေက ပြန်ပြောပြတာရှိတယ် ” လို့ သူကဆိုပါတယ်။
 
လွှစင်ကုန်းတပ်စခန်းဟာ မုံရွာဘက်ကနေ ဟုမ္မလင်းမြို့ကို၀င်တဲ့ လမ်းကြောင်းပေါ်က ကုန်းမြင့်ပေါ်မှာ အခိုင်အမာတည်ဆောက်ထားတဲ့ တပ်စခန်းတခုဖြစ်ပြီး စစ်ရေးအရလည်း အရေးပါတဲ့ စခန်းတခုဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေကရော စစ်ကောင်စီဘက်ကပါ ပြောဆိုကြပါတယ်။
 
စစ်အုပ်စုကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ လွှစင်ကုန်းရွာ တပ်စခန်းကို KIA၊ AA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဒီလ ၅ ရက်ကတည်း တိုက်ခိုက်နေပြီး အဲဒီစခန်းကျရင် ဟုမ္မလင်းမြို့လည်း ကျသွားနိုင်တယ်လို့ ရေးသားဖော်ပြကြပါတယ်။
 
“ အရင်လက အဲစခန်းကို ၀င်တိုက်တယ်၊ ဒါပေမယ့် နှစ်ဖက် နောက်ဆုတ်တာပေါ့ အခုတကြိမ်ကတော့ စခန်းသိမ်းပြီး လွှစင်ကုန်းရွာနဲ့ စခန်းကို PDF က အထိုင်ချဖို့ ကြိုးစားတာပေါ့၊ စစ်ရေးကတော့ နှစ်ဖက်တင်းမာနေတယ် ” လို့ ဟုမ္မလင်း ဒေသခံတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – HPDF-124