မြို့လေးမြို့ကို အလုံးစုံထိန်းချုပ်ထားပြီး စခန်းကိုးဆယ်ကျော် ရထားတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပြော

နို၀င်ဘာ ၊ ၂
 
ရှမ်းမြောက်ထိုးစစ် စတင်ပြီးနောက် ဒီကနေ့အထိ တပတ်အတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနဲ့ ကြူကုတ်မြို့တွေကို အလုံးစုံထိန်းချုပ်ထားသလို စစ်စခန်းကိုးဆယ်ကျော် သိမ်းပိုက်ထားတယ်လို့ ညီနောင်မဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်အသိပေးထားပါတယ်။
 
အဲဒီစစ်ဆင်ရေးတိုက်ပွဲအတွင်း မနေ့ကအထိ သံချပ်ကာကား ခြောက်စီး သိမ်းဆည်းနိုင်ခဲ့သလို စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများပြားကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ မဟာမိတ်တပ်တွေက ဆိုထားပါတယ်။
 
ဒါပေမယ့် စစ်ကောင်စီတပ်ရဲ့ ပြောခွင့်ရ ဗိုလ်ချူပ်ဇော်မင်းထွန်းကတော့ လက်ရှိမီဒီယာတချို့မှာ ရေးသားနေသလို ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်အားလုံးနီးပါးကို မဟာမိတ်တပ်တွေက ထိန်းချုပ်ထားနိုင်တယ်ဆိုတာ မှန်ကန်မှုမရှိဘဲ ချင်းရွှေဟော်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ ဖောင်းဆိုင်မြို့တွေကိုတော့ လက်လွှတ်လိုက်ရတယ်လို့ ပြောထားပါတယ်။
 
ဒီကနေ့မနက်ပိုင်းကလည်း ကိုးကန့်ဒေသက စစ်ကောင်စီတပ်စခန်းနှစ်ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA) ရဲ့ ပြောခွင့်ရသူ လီကျား၀င်း DNA ကို ပြောပါတယ်။
 
“ ကျွန်တော်တို့ ကိုးကန့်ခရိုင်မှာရှိတဲ့ တပ်စခန်းနှစ်ခုပေါ့နော် ထပ်မံသိမ်းပိုက်ရရှိတယ်၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိ မှုတွေလည်း ထပ်ရှိနေပါသေးတယ် ” လို့ သူကပြောပါတယ်။
 
ကိုးကန့်ခရိုင်၊ တုန်ရှမ်းဒေသ (ကိုးကန့်အခေါ်)က စစ်ကောင်စီတပ်စခန်း နှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားတဲ့ ရုပ်သံဖိုင်အရ သိမ်းဆည်းရရှိ လက်နက်တွေမှာ ၁၂၀ မမ လက်နက်ကြီးတွေအပါအဝင် တခြားလက်နက်ခဲယမ်း အများအပြားကိုလည်း တွေ့ရပါတယ်။
 
“ ဒီကနေ့ကတော့ ကွမ်းလုံတို့ သိန္နီတို့ဘက်မှာလည်း တိုက်ပွဲတွေ ရှိနေပါသေးတယ် ” လို့ လီကျား၀င်း က ပြောပါတယ်။
 
မဟာမိတ်တပ်တွေဟာ သိန္နီမြို့က ရဲစခန်း၊ အုပ်ချုပ်ရေးရုံး တို့အပါအဝင် ဌာနဆိုင်ရာရုံးတွေကို အောက်တိုဘာ ၃၀ ရက်ကတည်းက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး မြို့ပေါ်အထိ ထိန်းချုပ်လာနိုင်ပေမယ့် မြို့အနီးဝန်းကျင်မှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေသေးတယ်လို့ ဒေသခံတွေကလည်း DNA ကိုပြောထားပါတယ်။
 
သိန္နီမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကွဲမှု ဌာနချုပ်က တပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေဟာ လက်ရှိအဲဒီဌာနချုပ်မှာ မရှိကြတော့ဘဲ တောင်ကုန်းတွေပေါ်မှာ ရွှေ့ပြောင်းနေရာယူကာ မဟာမိတ်တပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
 
ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA) ကလည်း နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးကို ဆက်သွယ်ထားတဲ့ ရွှေလီကြိုးတံတားက စစ်ကောင်စီရဲ့ ရဲကင်းစခန်းကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ရှင်းလင်းသိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
အလားတူ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ရွာနဲ့ အုမ္မတီးရွာကြားမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်စခန်းကိုလည်း ဒီကနေ့ မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
 
တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသကို စစ်ကူသွားမယ်လို့ ယူဆရတဲ့ စစ်ကောင်စီယာဉ်တန်းကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းတပ်က နောင်ချိုမြို့နယ်အတွင်းမှာ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်နေတာပါ။
 
မနေ့က ညနေပိုင်းကတော့ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနားမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာကြောင့် ထျခိုက်သေဆုံးသူတွေရှိကာ ယာဉ်တန်းနောက်ပြန်ဆုတ်သွားတယ်လို့ မန္တ‌လေး PDF နဲ့ TNLA တို့က ထုတ်ပြန်ထားပါတယ်။
 
အလားတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ကလည်း ရပ်စောက်-နောင်ချို လမ်းပိုင်းကို စစ်ကောင်စီ ယာဉ်တန်းတွေ ဖြတ်သန်းလာနိုင်ပြီး တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာမှု မလုပ်ဖို့ ထုတ်ပြန်အသိပေးထားပါတယ်။
 
ဓာတ်ပုံ – TNLA/MNDAA