စက်တင်ဘာ၊ ၁၂
ကရင်နီ (ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲကနေ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခိုလှုံနေတဲ့ ကရင်နီ စစ်ဘေးရှောင်တွေထဲက ခြောက်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ အစောပိုင်းကနေစပြီး နေရပ်ပြန်ပို့လိုက်ပါတယ်။
” ထိုင်းရဲ့ Policy (မူဝါဒ) အတိုင်းပေါ့နော်။ နယ်မြေတစုံတရာ အေးချမ်းပြီလို့ သူတို့က သတ်မှတ်ရင် သူတို့နိုင်ငံထဲ ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ပြန်ပို့တာက အမြဲတမ်းလုပ်နေကျ။ အခုလည်း အဲလိုလုပ်တာလို့ ပြောလို့ရတယ် ” လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ အတွင်းရေးမှူး (၂) ဖြစ်သူ ကိုဗညားက DNA ကို ပြောပါတယ်။
ထိုင်း-ကယားနယ်စပ် မယ်စဲ့မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ငါးထောင်ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေးခိုလှုံခဲ့ရပြီး အဲဒီအထဲက ခြောက်ရာကျော်ကို အသုတ်လိုက် ပြန်ပို့လိုက်တာပါ။
အခုလို ပြည်တွင်းထဲ ပြန်ပို့ခံရသူတွေထဲမှာ ထိုင်းဘက်ခြမ်းမှာ နေရတာမှာ သတ်မှတ်ထားတဲ့ နေရာကလွဲရင် တခြားနေရာ သွားခွင့်မပြုတာ အပါအဝင် အခက်အခဲတွေ များတာကြောင့် ကိုယ့်သဘောနဲ့ကိုယ် ပြန်ဝင်လိုက်လာကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
” ပြည်တွင်းထဲမှာဆိုရင် သစ်တွေ၊ ဝါးတွေ ခုတ်ပြီးတော့ ကိုယ်နေဖို့အတွက် အိမ်လေး၊ တဲလေးတွေ ဆောက်လို့ရတာပေါ့။ ထိုင်းမှာက အဲလိုမရဘူး၊ သူတို့သတ်မှတ်ပေးတဲ့ ဧရိယာမှာ သူတို့ပေးတဲ့ ပစ္စည်းလောက်နဲ့ပဲ ဆောက်လို့ရတာ ” လို့ ကိုဗညားက ပြောပါတယ်။
အခုလို ပြည်တွင်းထဲ ပြန်ရောက်လာကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင် စခန်းဟောင်းတွေမှာပဲ နေထိုင်နေကြတာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် နေအိမ်ပြန်လို့တော့ မရသေးပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လအတွင်း တိုက်ပွဲတွေ စဖြစ်ပြီးနောက် ထိုင်းဘက်ထွက်မပြေးဘဲ ပြည်တွင်းမှာပဲ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် လေးထောင်ကျော်လောက်ဟာလည်း နယ်စပ်တလျှောက်က စစ်ရှောင်စခန်းတွေမှာ ဆက်ရှိနေကြသေးတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက မယ်စဲ့မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ရှိနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ဘေးရှောင်တွေအတွက် လုံခြုံရေးစိုးရိမ်ရတဲ့ အနေအထားလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက် တရက်တည်းမှာပဲ စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ်ထဲက စစ်ဘေးရှောင်စခန်းနှစ်ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်တဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါသေးတယ်။
အလားတူပဲ တိုက်ပွဲတွေကြောင့် လမ်းပိတ်ဆို့နေတဲ့ မယ်စဲ့မြို့နယ်ထဲကို ပြည်တွင်းကနေ ကုန်စည်စီးဆင်းဖို့ ခက်ခဲတာကြောင့် မယ်စဲ့က စစ်ရှောင်တွေဟာ ရိက္ခာနဲ့ ဆေးဝါးအတွက် ထိုင်းဘက်ခြမ်းကိုသာ မှီခိုနေရပြီး ထိုင်းအာဏာပိုင်တွေကလည်း ကန့်သတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
” နယ်စပ်ကနေ သူတို့ (ထိုင်းအာဏာပိုင်) သယ်ခွင့်ပြုမှပဲ သယ်လို့ရတယ် (ရိက္ခာ၊ ဆေးဝါး အစရှိသည်)။ ပြီးရင် ခွင့်ပြုသလောက်ပဲ သယ်လို့ရတယ်။ ဒါကလည်း သူတို့ မူဝါဒဖြစ်လို့ ကျနော်တို့လည်း ပြောလို့မရဘူး ” လို့လည်း ကိုဗညားက ပြောပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကတော့ ပြည်နယ်တဝှမ်းက စစ်ရှောင်တွေအတွက် နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိရေး ကြိုးပမ်းဆောင်ရွက်တာတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။
” နောက်တခုက စားနပ်ရိက္ခာတွေ ပို့လို့မရအောင် စစ်ကောင်စီက ထိုင်းအစိုးရကို ဖိအားပေးတာတွေလည်း ရှိတယ်လို့ ကျနော်တို့ ကြားသိထားရတယ် ” လို့ ကိုဗညားက ဆိုပါတယ်။
ဓာတ်ပုံ – Kantarawaddy Times