ဂန့်ဂေါမြောက်ပိုင်းက ပျူစောထီးရွာတွေကို စွန့်ခွာထွက်ပြေးသူများလာ

သြဂုတ်၊ ၂၉
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက ပျူစောထီးကျေးရွာ တချို့မှာ နေထိုင်သူတွေဟာ ရွာကို စွန့်ခွာထွက်ပြေးလာပြီး ကာကွယ်ရေးတပ်တွေ စိုးမိုးထားတဲ့ ကျေးရွာတွေထဲ ဝင်ရောက်ခိုလှုံတာ များလာတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက DNA ကိုပြောပါတယ်။
 
ဂန့်ဂေါမြောက်ပိုင်းက ဟံသာဝတီ၊ မြောက်ခင်ရန်း၊ ကုက္ကား၊ ကျောက်ပြုတ် စတဲ့ ပျူစောထီးကျေးရွာတွေမှာ နေထိုင်သူတွေဟာ ရိက္ခာပြတ်လပ်မူ၊ ပျူခေါင်းဆောင်တွေရဲ့ အမြတ်ထုတ်မှုတွေကြောင့် ကျေးရွာတွေကို စွန့်ခွာလာကြတာလို့ ဆိုပါတယ်။
 
“အခုလထဲမှာ သူတို့ရွာတွေကနေ ထွက်ပြေးလာကြတာ တော်တော်များတယ်၊ ရိက္ခာတွေ ပြတ်ပြီလေ၊ ဘယ်ခံနိုင်မလဲ၊ မြောက်ခင်ရန်းကနေ ပြေးလာကြတာတွေကို တော်တော်များတယ် ” လို့ ဂန့်ဂေါမြို့နယ် ပ.အ.ဖ အဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ပျူစောထီးရွာကို စွန့်ခွာလာသူတွေဟာ ဂန့်ဂေါမြို့နယ် တောင်ပိုင်းဘက်နဲ့ ကလေးနယ်မြောက်ပိုင်းဘက်တွေမှာ လတ်တလော ခိုလှုံနေထိုင်ကြတယ်လို့ သိရပါတယ်။
 
အခုလအတွင်း ပျူစောထီး ကျေးရွာတွေကနေ စွန့်ခွာလာသူ အိမ်ထောင်စု နှစ်ဆယ်ထက်မနည်း ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
“ တယောက်ချင်း ထွက်လာတာတွေလည်း ရှိတယ်၊ ပျူရွာကနေ ထွက်လာတဲ့ သူတွေကို သက်ဆိုင်ရာ ဆွေမျိူးသားချင်းက PDF ဆီမှာ အာမခံပေးရတယ်၊ ပျူစောထီးတွေနဲ့ မဆက်သွယ်ပါဘူး ဆိုတာကို အာမခံရတယ်၊ အဲ့လိုဆို နေလို့ရပါပြီ ” လို့ ပျူစောထီးရွာကနေ ရောက်ရှိလာသူတွေကို လက်ခံထားတဲ့ ကလေးမြောက်ပိုင်း ကျေးရွာတရွာက ဒေသခံတဦးက ပြောပါတယ်။
 
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပျူစောထီးကျေးရွာတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာ လချီကြာမြင့်နေပြီဖြစ်ပြီး ရိက္ခာတွေ ပြတ်တောက်ကာ ကုန်စျေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတာပါ။
 
အဲ့ဒီလို ရိက္ခာပြတ်တောက်နေတာကြောင့် ပျူစောထီးရွာခံတွေက စစ်ကောင်စီကို အကူအညီပေးဖို့ စာနဲ့ရေးသား တောင်းဆိုထားတဲ့ စာတချို့လည်း လူမှုကွန်ရက်ပေါ်မှာ အခုလအတွင်း ပျံ့နှံ့ခဲ့ပါသေးတယ်။ အဲဒီစာမှာတော့ စုစုပေါင်း ပျူစောထီးရွာ ၁၂ ရွာက လူဦးရေ ခုနစ်ထောင်လောက် လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်နေတယ်လို့ ဖော်ပြထားပါတယ်။
 
လက်ရှိအဲဒီပျူစောထီး ရွာတွေဘက်မှာ ဓာတ်ဆီ တလီတာ ကျပ်နှစ်သောင်းအထိပေးပြီး ဝယ်ယူသုံးစွဲနေရသလို ငါးပိ တပိဿာကို ကျပ်သုံးသောင်း ပေါက်ဈေးရှိတဲ့ နှမ်းတတင်းနဲ့ လဲလှယ်စားသုံးနေရတယ်လို့ ပျူစောထီးကျေးရွာမှာ ဆွေမျိုးတွေရှိနေတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
“ ဆီနဲ့ဆန်က ရှိကြတယ်၊ တောင်သူတွေကိုး၊ ငါးပိနဲ့ အချိုမုန့်အဓိက ပြတ်တာ၊ ငါးပိတောင်ဖုတ်မစားရဲကြဘူး၊ ငါးပိ ဖုတ်ရင်အနံ့ထွက်တာကိုး၊ ငါးပိရှိမှန်းသိရင် အတင်းလာမျှခိုင်းမှာစိုးရတာကိုး၊ ကျန်တဲ့ စားကုန်သောက်ကုန်ကတော့ ပြောမနေနဲ့၊ ဘာမှမရှိတော့ဘူး ” လို့ သူကပြောပါတယ်။
 
ပျူစောထီးကျေးရွာတွေမှာ ရိက္ခာပြတ်လပ်ပြီး ရှိတဲ့ရိက္ခာတွေက အဆမတန်စျေးမြင့်နေပေမယ့် သီးနှံစျေးနှုန်းတွေကတော့ ပြင်ပပေါက်စျေးထက် သုံးဆလောက် စျေးနိမ့်နေတယ်လို့လည်း ဆိုပါတယ်။
 
“ သူတို့ ရွာတွေမှာ နှမ်းတတင်း သုံးသောင်း၊ ပျူစောထီးခေါင်းဆောင်တွေက ဝယ်တာ၊ ဒီဘက်မှာကတော့ နှမ်းတတင်း ကိုးသောင်းဝန်းကျင်ရှိတယ်၊ သူတို့ကို ပိတ်ထားတော့ ဘယ်မှရောင်းလို့ မရဘူး ” လို့ ပျူစောထီးကျေးရွာနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ပျူစောထီးကျေးရွာတွေမှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ပျူစောထီးခေါင်းဆောင်ပိုင်းတွေဟာ ရွာက တောင်သူတွေအပေါ်မှာ အမြတ်ထုတ်နေကြတာ ပြီးခဲ့တဲ့နှစ်ကတည်းက ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
 
“ ဒီနည်းလမ်းကိုက မနှစ်က ဟံသာဝတီကျေးရွာမှာ တာဝန်ကျတဲ့ စစ်ကောင်စီဗိုလ်ကြီးက လမ်းပြခဲ့တာ၊ သူတော်တော်ပွသွားတယ်၊ ဂျပန်ပဲယင်းတွေကို စျေးတဝက်လောက်နဲ့ ဝယ်ပြီး စစ်ကြောင်းနဲ့ မြို့ထုတ်ရောင်းတာ၊ သူအပြောင်းကျသွားတော့ ပိုက်ဆံတွေ အများကြီးပါသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
လက်ရှိအချိန်မှာ ပျူစောထီးခေါင်းဆောင်တွေကလည်း နှမ်းတွေကို စျေးသုံးချိုးတချိူးနဲ့ ဝယ်ယူနေပြီး အမြတ်ကြီးစားဖို့ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
 
“ အရင်လုပ်သွားတာက စစ်ဗိုလ်လေဗျာ၊ ဗိုလ်ကြီး၊ သီးနှံတွေ ရွာက ထုတ်နိုင်ခဲ့တာပေါ့၊ သူတို့က ပျူစောထီးအဆင့်၊ ထုတ်နိုင်ဖို့မလွယ်ဘူး ” လို့လည်း ဒေသခံတဦးကပြောပါတယ်။
 
ပျူစောထီးကျေးရွာက ကျပ်တည်းတဲ့ ဒေသခံချို့ဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး စားဝတ်နေရေး ဖြေရှင်းရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။
 
“ အခင်း(ယာခင်း)တွေရောင်းကြရတယ်၊ တချို့ဆို အိမ်ဝင်းတွေ ပိုင်းပြီး ရောင်းကြရတယ်၊ ဝယ်တဲ့သူတွေက ပျူစောထီးတွေပါ ” လို့ ဒေသခံတဦးက ဆိုပါတယ်။
 
ပျူစောထီးကျေးရွာကနေ စွန့်ခွာလာတဲ့ မိသားစုတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ရွာခံ ပျူစောထီးတွေကပဲ သိမ်းယူကြလေ့ရှိပြီး မြောက်ခင်ရန်းရွာနဲ့ ကုက္ကားရွာက အိမ်နဲ့ယာခင်းတွေ အများဆုံး သိမ်းဆည်းခံရတယ်လို့ သိရပါတယ်။
 
လက်ရှိအချိန်မှာ ဟံသာဝတီမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်အရာရှိက ကျေးရွာကနေ အပြီးအပိုင်စွန့်ခွာလိုသူတွေကို ကျေးရွာကနေ နိုင်သမျှပစ္စည်း သယ်ယူထွက်ခွာခွင့် ပြုနေပြီး ရွာမှာကျန်ခဲ့တဲ့ အိမ်နဲ့ ပိုင်ဆိုင်မှုတွေကိုတော့ သိမ်းယူတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပျူရွာကနေ စွန့်ခွာလာသူတွေဟာ စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ ထွက်ခွာတဲ့သူတွေလည်း ရှိပြီး ကိုယ့်အစီအစဥ်နဲ့ကိုယ် ထွက်လာကြတဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။