ဇူလိုင်၊ ၂
မကွေးတိုင်း၊ ပခုက္ကူမြို့ အမှတ် (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးဆွေလင်း ဆိုသူဟာ အခုရက်ပိုင်းအတွင်း ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရလိုက်တယ်လို့ ပခုက္ကူ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ ဦးဆွေလင်း ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်က ပခုက္ကူမြို့ အမှတ် (၅)ရပ်ကွက်က နေအိမ်မှာ ရှိနေချိန် အမည်မသိသူ လေးဦးက လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး မနေ့က မနက်ပိုင်းကတော့ သေနတ်ဒဏ်ရာတွေနဲ့ သူ့ရဲ့ရုပ်အလောင်းကို ပခုက္ကူ-မြိုင် ကားလမ်းမဘေး တနေရာမှာ ပြန်တွေ့ခဲ့တာလို့ သိရပါတယ်။
ဦးဆွေလင်း ကို ဖမ်းဆီးသွားသူတွေဟာ ဖမ်းဆီးပြီး နောက်တရက်မှာ မိသားစုကို ဆက်သွယ်ပြီး ကျပ်သိန်း နှစ်ထောင်နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။
“ မိသားစုတွေကလည်း အဲ့လောက်တော့ မတတ်နိုင်ဘူး၊ သိန်းငါးရာ နဲ့ ပြန်ရွေးပါမယ်၊ အသက်ကို ရန်မရှာပါနဲ့ ဆိုပြီး တောင်းတောင်းပန်ပန်နဲ့ ပြောခဲ့တာ အဆင်မပြေဘူး၊ နောက်တရက်ကျ ကျွန်မတို့ဘက်က ထပ်ဆက်တာပေါ့၊ အဲ့နေ့ကျ လက်ခံတယ်၊ သိန်းငါးရာနဲ့ အဆင်ပြေသွားတာ၊ ပိုက်ဆံပေးဖို့တွေနဲ့ လေးလေးကို ပြန်ပို့ပေးဖို့ အစီအစဉ်တွေ ပြောပြီးမှ အခုလိုလုပ်လိုက်တာ ဘာကြောင့်လဲတော့ မသိဘူး ” လို့ သူက ပြောပါတယ်။
ဦးဆွေလင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲမှာတော့ အနိုင်မရခဲ့ပါဘူး။
မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး လည်းဖြစ်တဲ့ အသက် (၅၀)ဝန်းကျင်အရွယ် ဦးဆွေလင်း ဟာ အာဏာသိမ်း ပြီးနောက်မှာတော့ သူနေထိုင်တဲ့ ပခုက္ကူမြို့နယ် အမှတ် (၅)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဦးဆွေလင်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူတွေဟာ သူ့ကို နေအိမ်ကနေ လာရောက်ဖမ်းဆီးခဲ့ချိန်က ဆိုင်ကယ်တစီးနဲ့ ဖုန်းတလုံးကိုလည်း ယူသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။ ဖမ်းဆီးသွားသူတွေဟာ ဆိုင်ကယ်နှစ်စီးနဲ့ လာတဲ့ အမျိုးသားလေးဦးလို့ သိရပေမယ့် ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးပါဘူး။
ဒီဖြစ်စဉ်ဟာ ဒေသခံတော်လှန်ရေး အဖွဲ့တွေကလုပ်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတခု မဟုတ်ဘဲ အာဏာသိမ်းပြီးနောက် ပခုက္ကူဒေသမှာ မြင့်တက်လာတဲ့ ပြန်ပေးဆွဲမှုတွေထဲက တခုသာ ဖြစ်တယ်လို့ အဲ့ဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က တာဝန်ရှိသူတဦးဖြစ်တဲ ကိုနေ က DNA ကိုပြောပါတယ်။
“ ပခုက္ကူမှာ ပြန်ပေးဆွဲမှုတွေက မကြာခဏဆိုသလို ဖြစ်နေတယ်၊ သူတို့အချင်းချင်း အဆင်ပြေသွားကြရင် ဘာမှ မသိလိုက်ရဘူးပေါ့၊ ပြန်ပေးဆွဲခံရပြီးမှ ငွေပေးပြီး ပြန်လွတ်လာတဲ့သူတွေ ရှိတယ်၊ ဒီအခြေအနေကို စစ်ကောင်စီကလည်း မထိန်းသိမ်းနိုင်တော့ ပိုဆိုးလာတာပေါ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကတော့ စုံစမ်းဖော်ထုတ်မှုတွေ လုပ်နေပါတယ် ” လို့ သူကဆိုပါတယ်။
အာဏာသိမ်းကာလ နှစ်နှစ်အတွင်း ပခုက္ကူမြို့က ဆီစက်၊ ဆန်စက်ပိုင်ရှင်တွေ အပါအဝင် လုပ်ငန်းရှင် ဆယ်ဦးထက်မနည်း ပြန်ပေးဆွဲခံခဲ့ရပြီး အဲ့ဒီအထဲက လေးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဖြစ်စဉ်မှတ်တမ်းတွေအရ သိရပါတယ်။
အခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းကလည်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ်မှာ ရှိတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ တရုံက တရုတ်နိုင်ငံသား နှစ်ဦး ပြန်ပေးဆွဲခံခဲ့ရပါသေးတယ်။
အဲ့ဒီ တရုတ်နိုင်ငံသား နှစ်ဦးကတော့ ငွေကျပ်သိန်းနှစ်ထောင်ပေးလို့ ပြန်လည်လွတ်မြောက်လာတာလို့ ဒေသခံတွေက ပြောကြပေမယ့် DNA အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။