သန်လျင်တံတားကိုစစ်ကောင်စီတပ်က ခေတ္တ ယာယီပိတ်စစ်ဆေးခဲ့

ဇွန်၊ ၁၉

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်ရှိ သန်လျင်တံတားကို စစ်ကောင်စီက ဒီကနေ့မနက်မှာ ရန်ကုန်ဖက်ထွက်တဲ့ကားလမ်းကို ခေတ္တ ယာယီပိတ်စစ်ဆေးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

“ ဒီနေ့မနက်ပိုင်း ကျွန်တော် မြောက်ဥက္ကလာကနေ ၁၁နာရီလောက်ပြန်လာတာ ။အလုပ်လုပ်ပြီးပြန်လာတာ ။သူတို့က စစ်သားတွေက ကားတွေကို စစ်နေတာ ။ကျွန့်တော်အထင် မနေ့က မြတ်မောင်ရွှေဆိုင် ဓားပြတိုက်ခံရလို့ သူတို့က စစ်တာနေမှာ မြောက်ဥက္ကလာကိစ္စက သန်လျင်ထိလာပိတ်နေတာလို့ “ လို့သန်လျင်ကနေ ရန်ကုန် ကို အလုပ်သွားလုပ်နေတဲ့ အမျိုးသားတဦးကပြောပါတယ်။

သန်လျင်တံတားဟာ ရန်ကုန် ၊သာကေတမြို့နယ်နဲ့သန်လျင်မြို့ကိုဆက်သွယ်ထားတဲ့တံတားတစင်းလည်းဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒီကနေ့ မနက်အစောပိုင်းမှာ သန်လျင်တံတားအဆင်းမှာအင်အား နှစ်ဆယ်ကျော်လောက်နဲ့ သန်လျင်က နေ ရန်ကုန်သွားတဲ့ ကားတွေကို သွားခွင့်ပိတ်ထားပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးခဲ့တယ်လို့ အဲ့ဒိအမျိုးသားကပြောပါတယ်။

သန်လျင်မြို့ခံနောက်တဦးကတော့ စစ်ကောင်စီတပ်တွေဟာ  ဒီနေ့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တာကြောင့် မြို့ပြပျောက်ကြားအဖွဲ့တွေ သပိတ်မှောက်ဆန္ဒ ပြလို့မရအောင် လိုက်လံစစ်ဆေးနေတာထင်တဲ့အကြောင်းပြောပါတယ်။

“ သူတို့က ရန်ကုန်ကနေ သန်လျင်လာတဲ့လမ်းကို မပိတ်ဘူးဗျ ။သန်လျှင်ကထွက်မယ့် ကားတွေကို ပဲ ဘယ်လိုပြောရမလဲ သူတို့က လက်ဗလာနဲ့လူတောင်ကြောက်ပြီးဖမ်းနေတာ ။ဒီနေ့လို နေ့မျိုးမှာ ဟို ဘယ်လိုပြောရမလဲ တော်လှန်လူငယ်တွေက တခုခု လုပ်မယ်ထင်လို့ ကြောက်ပြီးလိုက်စစ်နေတာ “ လို့သူကပြောပါတယ်။

စစ်ကောင်စီဟာ သန်လျင်တံတားကိုမနက် ၈ နာရီဝန်းကျင်ကတည်းက ပိတ်ထားခဲ့ပြီး နေ့လည် ၂ နာရီကျော်မှာ ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုလိုစစ်ကောင်စီတပ်တွေနဲ့ရဲတွေဟာ ဒီကနေ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ရန်ကုန်တစ်မြို့လုံခြုံရေးတွေတင်းကြပ်ထားပြီး စစ်ဆေးမှုတွေ လည်းလုပ်နေတယ်လို့သိရပါတယ်။