ဇွန်၊ ၁၆
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ရှိ သာဇင်ရွာက ဖမ်းဆီးခံထားရတဲ့ အရပ်သား၂၅ ယောက်ကို သတ်ဖြတ်ပစ်မယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်တယ်လို့ Zero Army ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
“ ဖမ်းခေါ်လာတဲ့ အရပ်သားတွေကို သူတို့ စစ်ကြောင်းထိုးနေတဲ့ နေရာမှာ ကျွန်တော်တို့ တွေ့ရတယ်၊ လူတွေလည်း ထပ်ဖမ်းထားတယ်လို့ ကျွန်တော်တို့ သိရတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ပစ်ခတ်တဲ့ အချိန်မှာတော့ ပြည်သူ တဦးတယောက်မှ ထိတာတော့ မရှိသေးဘူး၊ ဒါပေမယ့် သူတို့ စစ်ကြောင်းက တအားအထိနာထားတော့ ကျွန်တော်တို့ ဆက်တိုက်မယ်ဆိုလို့ရှိရင် ဖမ်းထားတဲ့ ပြည်သူတွေကို သတ်ပစ်မယ်ဆိုပြီး သတင်းတွေ လွှင့်နေတာတွေ ပြောနေတာတွေ ရှိနေတယ် ” လို့ အဲ့ဒီတာဝန်ရှိသူက ပြောပါတယ်။
အဲဒီလို ခြိမ်းခြောက်မှုကို စစ်ကောင်စီ တပ်ဖွဲ့တွေက ဒီကနေ့မှာပဲ ပြန်လည်လွတ်မြောက်လာသူ ဒေသခံတွေ၊ နယ်ခံတွေကနေတဆင့် ပြောဆိုခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ သာဇင်၊ အိုင်းဓမ္မ နဲ့ အင်းစ ရွာတွေက အရပ်သားအယောက် သုံးဆယ်ကျော်ကို ဇွန်လ ၁၁ ရက်နေ့ကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။
ဒီကနေ့ မနက်မှာတော့ အိုင်းဓမ္မရွာက လေးဦး၊ အင်းစ ရွာက တဦးတို့ကို ပြန်လွှတ်ပေးခဲ့ပြီး သာဇင်ရွာက ဖမ်းဆီးခံထားရတဲ့ အသက် ၃၀ ကနေ ၅၀ ကြား အမျိုးသားတွေကိုတော့ ပြန်မလွတ်ပေးသေးပဲ သူတို့တပ်စွဲထားတဲ့ ပေါက်မတောင်ရွာ အနီးမှာပဲ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဆားတောင်မြို့ အနောက်ဖက်ခြမ်း သာဇင်ကျေးရွာ အနီးမှာ သာဇင်ကျေးရွာနဲ့ ပေါက်မ တောင်ရွာ အနီးမှာ စစ်စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ စစ်ကိုင်းအခြေစိုက်ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖက်က စစ်ကြောင်းမှူးတဦး အပါအဝင် အယောက် သုံးဆယ်ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရှိမှု များပြားခဲ့တဲ့နောက်မှာတော့ အခုလို ခြိမ်းခြောက်ပြောဆိုတာတွေ ရှိလာတာလို့ သိရပါတယ်။
“ ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေရဲ့အခြေနေတွေကတော့ အခုချိန်ထိ လုံးဝမသိသေးပါဘူး၊ တိုက်ပွဲတွေက ဆက်ဖြစ်နေသလို နှစ်ဖက်ထိခိုက်တာတွေလည်း ရှိနေတယ်၊ စစ်တပ်က တော်တော်အထိနာတယ်၊ ပေါက်မတောင်ရွာထဲမှာပဲ ထိထားတဲ့လူတွေကို ဆေးကုနေတယ်လို့ ကျွန်တော်တို့သိရတယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ခြောက်ယောက်လောက် ဒဏ်ရာရထားတယ်၊ စိုးတော့မစိုးရိမ်ရပါဘူး၊ စစ်ကြောင်းက ဆက်ရှိနေတော့ ပြည်သူတွေရှောင်နေရတုန်းပဲ ”လို့ ဆားတောင်ဒေသခံတဦးက ထပ်ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ဒီကနေ့အထိ ဆားတောင် အနောက်ဖက်ခြမ်းမှာ ဆက်လက် ရှိနေသေးပြီး အချိန်မရွေး စစ်ကြောင်း ပြန်လည်ထိုးလာနိုင်တဲ့အတွက် မီးရှို့ခံထားရတဲ့ ကျေးရွာတွေအပါအဝင် အနီးနားကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ရွာကိုမပြန်ရဲဘဲ တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ဝက်လက်မြို့နယ်ထဲကနေ အင်အားရာဂဏန်းရှိတဲ့ စစ်ကောင်စီ စစ်ကြောင်း သုံးကြောင်းဟာ ဆားတောင်မြို့ နောက်ဘက်ခြမ်းကျေးရွာတွေကို အခုလ ၁၃ ရက်နေ့က ဝင်ရောက်ခဲ့ပါတယ်။
အဲ့ဒီနောက် သာဇင်ရွာ၊ အိုင်းဓမ္မရွာ၊ ပေါက်မတောင်ရွာ တွေက အိမ်တွေ မီးတင်ရှို့ခဲ့သလို သာဇင်ရွာက စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၆၀ အရွယ် အမျိုးသမီးတဦးကိုလည် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့၊ တာတိုင်ကျေးရွာ မှာလည်း ဒေသခံ ၁၆ ဦးထက်မနည်းကို စစ်ကောင်စီတပ်တွေဟာ လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် မတ်လထဲက ဖြစ်ပွါးခဲ့ပါသေးတယ်။
ဓါတ်ပုံ – CJ
ပုံစာ – ပုံစာ- ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ မြောက်ဘက် သုံးမိုင်ခန့် အကွာရှိ ကသဲ (ရွှေပြည်အေး) ရွာမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စစ်ကောင်စီတပ် ဖမ်းသွားတဲ့ ဒေသခံ ၁၉ ဦးကို တွေ့ရစဉ်။