ဇွန် ၊ ၁၀
တနင်္သာရီတိုင်း မြိတ်ကျွန်းစုရှိ ပုလဲလုပ်ကွက် ၁၂ ခုကနေ စစ်ကောင်စီဟာ နှစ်စဉ် ကျပ် ၁၆ ဘီလီလျံလောက်ရရှိ နေပြီး အဲ့ဒီလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းအထိ လုပ်ငန်းတိုးချဲ့မှုတွေ ဆက်လုပ် နေတယ်လို့ ဒေသအခြေစိုက် အရပ်ဘက် အဖွဲ့တခုဖြစ်တဲ့ MAGGA Initiative က အခုလအတွင်းထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
“စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေ ပိတ်ဆို့ဖို့ကြိုးစားနေချိန် မလျော့သွားဘဲနဲ့ ဆက်တိုးချဲ့နေတာတွေက စကစသည်လူထုရဲ့ ပိုင်ဆိုင်မှုတွေအသုံးချပြီး စစ်ရာဇဝတ်မှုကျူးလွန်ဖို့ လက်နက်တွေရနေတာပေါ့၊သူတို့ကိုဝင်ငွေတိုးစေတဲ့ အခုလိုလုပ်ကွက်တွေတိုးချဲ့လုပ်တာကလည်း စစ်ရာဇဝတ်မှုတွေကျူးလွန်ဖို့သွယ်ဝိုက်ပါဝင်နေတာပေါ့ “ လို့ MAGGA Initiative အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
ပုလဲမွေးမြူ ထုတ်လုပ်ရေး လုပ်ငန်းကနေ နှစ်စဉ်ရရှိနေတဲ ငွေကြေးပမာဏဟာ နိုင်ငံတနိုင်ငံရဲ့ ဝင်ငွေအနေနဲ့ ကြည့်ရင် နည်းပါးပေမယ့် အခုလို အာဏာသိမ်းထားတဲ့ကာလမှာတော့ စစ်တပ်အတွက် ဝင်ငွေအထေက်အပံ့ကောင်းတခုအဖြစ် ရှိနေတယ်လို့ အစီရင်ခံစာက ထောက်ပြထားပါတယ်။
လုပ်ငန်း သဘောသဘာဝအရ မွေးမြူထားပြီးဖြစ်တဲ့ ပုလဲစီမံကိန်းတွေကို ရပ်နားလိုက်လို့မရတာကြောင့် ဆက် လက်လုပ်ကိုင်ရမှာဖြစ်ပေမယ့် အဲ့ဒီလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတွေဟာ အာဏာသိမ်းပြီးချိန်အထိ စစ်ကောင်စီ ကိုအခွန်ပေးနေတာ၊ပူးပေါင်းဆောင်ရွက်မှုတွေဆက်လုပ်နေသလို လုပ်ကွက်တိုးချဲ့တာနဲ့ ပုလဲစခန်းအသစ်တွေ အကောင်အထည်ဖော်တာမျိုးတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
MAGGA Initiative အဖွဲ့ဟာ တနင်္သာရီဒေသအတွင်း လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုရှိ ရေးနဲ့ ဖက်ဒရယ်ဆိုင်ရာ လှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့တခုဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်းက တခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနည်းတူ ပုလဲလုပ်ငန်းကိုလည်း အမေရိကန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်ခဲ့ပေမယ့် အဲ့ဒီလုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီတွေကို တိုက်ရိုက်အကျိုး သက်ရောက်မှုနည်းပါးတယ်လို့ အဲ့ဒီအဖွဲ့ရဲ့ အစီရင်ခံစာကဆိုပါတယ်။
မြိတ်ကျွန်းစုမှာ နိုင်ငံပိုင် မြန်မာပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းကာ ပြည်ပကုမ္ပဏီ (၄)ခု၊ ပြည်တွင်း ကုမ္ပဏီ (၇)ခုက အမြတ်ငွေကို နိုင်ငံတော်က ၂၅ ရာခိုင်နှုန်း ကုမ္ပဏီက ၇၅ ရာခိုင်နှုန်းနဲ့ အချိုးကျခွဲဝေ လုပ်နေတယ်လို့သိရပါတယ်။
အဲ့ဒီကုမ္ပဏီတွေထဲက ပြည်ပ ကုမ္ပဏီလေးခုကတော့ ဂျပန်၊ဩစတြေးလျ၊ထိုင်းနဲ့ စင်္ကာပူ အခြေစိုက် ကုမ္ပဏီတွေ ဖြစ်ပါတယ်။
MAGGAInitiative အဖွဲ့ ထုတ်ပြန်ထားတဲ့အစီရင်ခံစာအရ စစ်ကောင်စီလက်ထက် ဘုတ်ပြင်းမြို့ ကော့ရဲကြီးကျွန်းမှာ ပုလဲမွေးမြူရေးစခန်းအသစ် လုပ်ဖို့ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Virgin Pearl Enterprise Limited က ငွေကျပ်သန်း ၅၀၀၀ လောက်ရင်းနှီးမြုပ်နှံမှာဖြစ်သလို ပြည်ပကုမ္ပဏီတစ်ခုကလည်း ဒိုမယ်ကျွန်း(မုံအော်) မှာ ပုလဲမွေးမြူးရေး လုပ်ကွက်တွေကို တိုးချဲ့နေတာလို့ သိရပါတယ်။
“ပြည်ပကကုမ္ပဏီတွေဆိုရင်လည်း စစ်ကောင်စီကိုအခွန်ငွေပေးနေတာတွေရပ်တန့်ဖို့ သူတို့အစိုးရတွေကတဆင့် ဝိုင်းတိုက်တွန်းကြဖို့လိုပါတယ်၊သူတို့ဘယ်လောက်ထုတ်နေတယ်၊ဘယ်လိုတွေပေးနေတယ်ဆိုတာကို စောင့်ကြည့်ကြဖို့လိုပါတယ်၊ဒါတွေလုပ်နိုင်မယ်ဆိုရင် သူတို့ကို အကုန်လုံးမရပ်တန့်နိုင်ဘူးဆိုရင်တောင် တိုးချဲ့မယ်ကိစ္စတွေရပ်တန့်သွားနိုင်ပါတယ် “ လို့ MAGGA Initiative အဖွဲ့ တာဝန်ရှိသူကပြောပါတယ်။
အာဏာသိမ်းမှုဖြစ်ပြီးနောက် စစ်ကောင်စီအောက်မှာ ပြည်တွင်းရင်းနှီးမြုပ်နှံမှုတချို့ရပ်နားသွားသလို ပြည်ပရင်းနှိးမြုပ်နှံမှုတွေ ထွက်ခွာသွားပေမယ့် ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းတွေက ရပ်ဆိုင်းမသွားဘဲ စစ်အုပ်စုကို အခွန်ငွေပေးပြီး ဆက်လက်တိုးချဲ့လုပ်ကိုင်နေကြတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပုလဲလုပ်ငန်းနဲ့ ပတ်သက်ပြီး စစ်အုပ်စုနဲ့ပူးပေါင်းတဲ့ ကုမ္ပဏီတွေ၊ အရောင်းဆိုင်တွေကို အမည်ပျက်စာရင်းသွင်းတာနဲ့ လုပ်ကိုင်ခွင့်ပိတ်သိမ်းတဲ့ အရေးယူမှုတွေ လုပ်ဆောင်မှာဖြစ်သလို စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုလည်း အရေးယူမယ်လို့ ၂၀၂၂ ခုနှစ်အတွင်းက အသိပေးထားပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီအတွက် အကျိုးအမြတ်တွေရနေတဲ့ မြန်မာ့ ပုလဲထုတ်လုပ်ရေးနဲ့ ရောင်းဝယ်ရေးလုပ်ငန်းကို အမေရိကန်အစိုးရကလည်း ၂၀၂၁ ခုနှစ်မှာ ပိတ်ဆို့ဒဏ်ခတ်ထားတာပါ။
စစ်အုပ်စုကို အခွန်ငွေပေးသွင်းပြီး လုပ်ကိုင်နေတဲ့ ပုလဲလုပ်ကွက်တွေက လက်ရှိမှာ လုံခြုံရေးကို အကြောင်းပြပြီးဒေသခံတွေကို ပုလဲစခန်းအနီးမှာ ငါး၊ ကင်းမွန်ဖမ်းခွင့်၊ ခရုကောက်ခွင့်နဲ့ ရေသယံဇာတရှာဖွေမှု ပိတ်ပင်ထားတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။
လူဦးရေ အနည်းအငယ်သာကျန်တော့တဲ့ “မော်ကင်း(ဆလုံ)လူမျိုး” ဟာ သူတို့ အသက်မွေးဝမ်းကျောင်ပြုတဲ့စားကျက်နေရာတွေမှာ ပုလဲမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် လူမျိုးစု ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်းဆိုပါတယ်။
“ လုပ်ကွက်တွေချဲ့တော့ ဌာနတိုင်းရင်သားဆလုံလူမျိုးတွေမှာ လုပ်ကိုင်စားသောက်ဖို့ရပ်တည်ဖို့ခက်ခဲလာတယ်၊ဒီလုပ်ကွက်တွေကြောင့်ပဲ သူတို့က ထိုင်းနိုင်ငံကိုရွေ့ပြောင်းရတာတွေဖြစ်ခဲ့တယ်၊အခုလည်းဖြစ်နေတုန်းပဲဘယ်လောက်ကျန်တယ်ဆိုတာသာ အတိအကျမသိနိုင်တာပေါ့၊အဲတော့လုပ်ကွက်ချဲ့လေ ဆလုံလူမျိုးစုပျောက်ကွယ်ဖို့ ခြိမ်းခြောက်သလိုဖြစ်နေတယ် “ လို့ MAGGA Initiative အဖွဲ့ တာဝန်ရှိသူကဆိုပါတယ်။
နိုင်ငံတကာနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ကလည်း စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေတဲ့ ပုလဲလုပ်ကွက်တွေနဲ့ ပက်သက်ပြီး စောင့်ကြည့်အရေးယူတာနဲ့ ပိတ်ဆို့တာတွေကို မြေပြင်အခြေနေနဲ့ကိုက်ညီအောင် လုပ်ဆောင်သင့်တယ်လို့ သူက တိုက်တွန်းပါတယ်။
အဲ့ဒီအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာတော့ ပုလဲလုပ်ငန်းအပေါ် နိုင်ငံတကာကအရေးယူမှုနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ထုတ်ပြန်ကြေညာချက်တွေဟာ မြေပြင်မှာ ချက်ချင်းသက်ရောက်မှုမရှိသလို ဒေသခံတွေအနေနဲ့လည်း မသိကြဘူးလို့ မြိတ်ကျွန်းစုဒေသခံတဦးက ပြောတဲ့အကြောင်း ဖော်ပြထားပါတယ်။