ဒီချုပ်ပါတီမင်္ဂလာဒုံမြို့နယ် အလုပ်အမှုဆောင်ရဲ့ညီမနဲ့တူမ ပစ်ခတ်ခံရ

မေ၊ ၇

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ် ၊ထောက်ကြန့် ကုန်းတဘောင်ကျေးရွာမှာ ဒီကနေ့ နံနက်ပိုင်းကဒီချုပ်ပါတီမြို့နယ်အလုပ် အမှုဆောင်ရဲ့ ညီမဖြစ်သူနဲ့ ၁၀ နှစ်အရွယ်တူမဖြစ်သူတို့နှစ်ဦးနေအိမ်မှာ သေနတ်ပစ်ခံရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“ ပုံမှန်အတိုင်းပါပဲ။အိမ်ဈေးဆိုင်မှာ ဈေးရောင်းနေတာ ကလေးမလေးနဲ့ သူတို့က ကားနဲ့လာပြီး ဝင်ပစ်သွားတာ၊ဘာဖြစ်လို့လဲ မသိဘူး၊သူတို့မိသားစုက အေးဆေးပါပဲ၊ ဘယ်သူက ဘာဖြစ်လို့ ပစ်တာလဲတော့ မသိဘူးပေါ့နော်။ နည်းနည်းတော့ စိုးရိမ်ရတယ်လို့ ပြောနေကြတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် နှစ်ဦးစလုံးသေဆုံးတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမယ့်DNAအနေနဲ့အတည်မပြုနိုင်သေးပါဘူး။

ယနေ့ မေလ ၇ ရက် ၊မနက်၉ နာရီခန့်မှာ ကုန်းတလဘောင်ကျေးရွာ ၊မိုးမခလမ်းမှာရှိတဲ့ နေအိမ်က ဈေးဆိုင်မှာ အသက် ၃၈ နှစ်အရွယ် ဒေါ်ကြူကြူနိုင်နဲ့ သမီးဖြစ်သူ အသက် ၁၀ နှစ်အရွယ် မချစ်သမီးတို့ ဈေးရောင်းနေချိန်မှာ Honda Fit ကားနဲ့လာတဲ့  အမည်မသိလူသုံးဦးမှ ဝင်ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

သေနတ်ပစ်ခတ်ခံရသူတွေဟာမင်္ဂလာဒုံမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမြို့နယ်အလုပ်အမှုဆောင်ဦးဝင်းနိုင်မိုးရဲ့ ညီမဖြစ်သူနဲ့ တူမတို့ဖြစ်ကာကျည်ဖောက်ထွင်းဒဏ်ရာတချက်စီရရှိခဲ့ပြီး တပ်မတော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အဲဒီမိသားစုဝင်တွေက ဒီချုပ်အစိုးရနဲ့ ပတ်သက်ဆက်နွယ်သူတွေကို အားပေးထောက်ခံမှုမရှိတာကြောင့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဝါဒဖြန့်ထားပါတယ်။

DNAသတင်းဌာနကတော့ ပစ်ခတ်မှုဟာ ဘယ်အဖွဲ့ကလုပ်​ဆောင်တယ်ဆိုတာ အတည်မပြုနိုင်သေးပါဘူး။

ဒီလိုမျိုးလုပ်ရပ်ကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သည်ဖြစ်စေ လက်မခံနိုင်စရာဖြစ်သလို ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီပိုင်း တာဝန်ရှိသူတွေက ဆက်သွယ်မေးမြန်းနေဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ် ဒုဥက္ကဌ ဦးဘိုဘိုဦးက ပြောပါတယ်။

 “ သူက မင်္ဂလာဒုံမြို့နယ်ရဲ့ NLD တွဲဖက်အတွင်းရေးမှူးတယောက်ပါ၊ သူဘယ်မှာရှိနေတာ ကျွန်တော်တို့လည်း မသိရဘူး။ ဒီကိစ္စကလည်း သူနဲ့ဆိုင်လား မဆိုင်လားတော့ မသိဘူးပေါ့နော်၊ ပါတီဘက်ကနဲ့တော့ အဆက်အသွယ်ရှိမယ်၊ ပါတီဖက်က စုံစမ်းနေဆဲပါ။ စိတ်မကောင်းဘူး၊ စိတ်မချမ်းသာဘူးဗျာ၊ တော်တော်ကို မိုက်ရိုင်းပြနေသလိုပဲ၊ ဘယ်သူပဲ လုပ်လုပ်ပါ၊ လက်မခံနိုင်စရာပါ။” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖောဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ၊မတ်လ ၂၉ ရက်အထိ  စစ်ကောင်စီတပ်ဖွဲ့တွေကဒီချုပ်ပါတီဝင် ၁၂၃၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ပါတီဝင် ၂၆ ဦးဟာစစ်ကြောရေးစခန်းနဲ့ ထောင်တွင်းတွေမှာ ကျဆုံးခဲ့ရသလို ပါတီဝင် ၆၃ ဦးကိုလည်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အကြောင်းမဲ့သတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါအပြင် လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦးအပါအဝင် ပါတီဝင် ၃၇၁ ဦးတို့ရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့သလို ပါတီဝင် ၄၇ ဦးရဲ့ နေအိမ်တွေကို ဝရမ်းကပ်ခံထားရပြီး ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း/ခရိုင်/မြို့နယ်ရုံးတွေကိုလည်း အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းအပါအဝင် နိုင်ငံတဝှမ်းက ဒီချုပ်ရုံးတွေကို လိုက်လံဖျက်ဆီးတာတွေ၊ ပါတီဝင်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဒါဟာ အဖက်အဖက်ကနေ ရှုံးနိမ်နေတဲ့ စစ်တပ်က ဒီချုပ်ပါတီအပေါ်ကို လက်နက်နဲ့ ခြိမ်းခြောက်အနိုင်ကျင့်နေတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ် ဒုဥက္ကဌ ဦးဘိုဘိုဦးက ပြောပါတယ်။

“ဒီလို လူထုထောက်ခံတဲ့ ပြည်သူ့ပါတီကိုဗျာ..၊ အညိုးနဲ့ သူတို့က မုန်းတီးနေတာပေါ့ဗျာ၊ ရွေးကောက်ပွဲမှာ မဲပုံးထောင်လိုက်တိုင်းမှာ သူတို့က ရှုံးနေတာကို အဲဒါကြောင့် ပါတီကို မုန်းတယ်၊ အဲဒီအမုန်းကို အခြေခံပြီးတော့ ငါတို့က လက်နက်ရှိတယ်ဆိုပြီးတော့ အနိုင်ကျင့်တာပါ။” လို့ ပြောပါတယ်။