မေ ၊ ၅
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နဲ့ ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA )တပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး နှစ်ဖက်ထိခိုက်သေ ဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။
“လဲချားနဲ့ မိုင်းနောင်နယ်ထဲမှာ ဖြစ်နေတာပါ၊အခုကတော့ မပြီးသေးပါဘူး၊သူတို့ကတော့ပြောက်ကျားပေါ့နော်၊ အ ခြေချတဲ့ တပ်တွေတော့ မရှိသလောက်ဖြစ်တယ်၊ဒါပေမယ့် သူတို့က ချုံခိုတိုက်ပွဲတွေ လုပ်တယ်၊မိုင်းဆွဲတယ် ပေါ့ ဗျာ၊နေတဓူဝဖြစ်နေတယ်၊တိုက်ပွဲအကြီးအကျယ်ကတော့ ဒီနေ့တော့ အရှိန်လျော့သွားတယ်လို့ ပြောလို့ ရတယ်၊ ထိခိုက်ကျဆုံးမှုတော့ ရှိပါတယ်”လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်း ဟန်ကDNAကို ပြောပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ သိရပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိ ရပါဘူး။တိုက်ပွဲတွေအတွင်း SSPP တပ်ဖွဲ့ဝင်တွေလည်း ကျဆုံးတာ၊ဖမ်းဆီးခံရတာတွေရှိတယ်လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပေမယ့် အချက်အလက်အတိအကျပြောတာမျိုးတော့မရှိပါဘူး။
ဒီတိုက်ပွဲတွေမှာ “ဝ”တပ်ဖွဲ့ UWSA ကမဟာမိတ်ဖြစ်တဲ့ SSPP ဘက်ကနေ ပါဝင်တိုက်ခိုက်ပေးနေတယ်လို့ သ တင်းတွေ ထွက်ပေါ် နေတာလည်းရှိပေမယ့် DNA ကသီးခြားအတည်မပြုနိုင်သလို SSPP ပြောခွင့်ရသူကလည်း အဲ့ဒီအချက်ဟာစွပ်စွဲ ချက်တွေသာဖြစ်တယ်လို့ ငြင်းဆိုပါတယ်။
“ “ဝ” တပ်ဖွဲ့ရယ်လို့ မကဘူးဗျာ၊သူတို့ကတော့ တပ်ပေါင်းစုလို့လည်း ပြောကြတာပဲ၊အမျိုးမျိုး ပြောကြတာပဲ၊ ဆို ရှယ်မီဒီယာမှာကတော့ အရင်းမရှိ၊ အဖျားမရှိ တကယ့်လက်ဆုပ်လက်ကိုင်ပြစရာ မရှိတာကို ပြောနေတာပဲဗျ၊ ဟုတ်၊မဟုတ်ဆိုတာကတော့ မြေပြင်မှာ ဖြစ်နေတာကို သူတို့ သိနေတာပဲ၊ကျွန်တော်တို့ ကျဆုံးတဲ့ဟာ၊ တခါတ လေလည်း အဖမ်းခံရတဲ့ဟာတွေ ရှိနေတာပဲ၊ကျဆုံးတဲ့ အလောင်းတွေမှာ ပါလား၊ မပါလား သူတို့ အဲဒီမှာ ကြည့် လို့ရတာပဲ”လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောပါတယ်။
ဒါပေမယ့် လဲချားဒေသခံတချို့ကတော့ အခုနှစ်အတွင်း လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဒေသတွင်းမှာ “ဝ”စကားပြောတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ SSPP တပ်တွေနဲ့ အတူ လှုပ်ရှားမှုရှိတာတွေ့ရတယ်လို့ဆိုပါတယ်။
“SSPP က ကျေးသီးလောက်ထိပဲ မနှစ်ကထိနေရာယူထားတာ၊ဒီနှစ်မှာ ကျေးသီးကနေ လဲချားလမ်းတလျှောက် “ဝ” စကားပြော စစ်သားတွေနဲ့အတူ SSPP စစ်သားတွေ ဖြန့်ကျက်နေခဲ့တယ်၊ခုက လဲချားမြို့အထွက် လဲချား-မိုင်းနောင်မြို့ကြား/ လဲချား-ဝမ်စိမ်းဒေသကြားမှာ နယ်မြေလု တိုက်ပွဲတွေဖြစ်နေကြတယ်”လို့ လဲချားဒေသခံ တဦးက ပြောပါတယ်။
အခုရက်ပိုင်းထဲမှာပဲ RCSS ဌာနချုပ်ဖြစ်တဲ့ ထိုင်းနယ်စပ်၊ လွယ်တိုင်းလျန်းကနေ ကွန်းဟိန်း-ဆိုင်းမွန်_ ဝမ်းစိမ်း တို့ကို ဖြတ်ကာRCSS တပ်ဖွဲ့ဝင် စစ်အင်အား ရာနီချီ အင်အားဖြည့်ထားတာတွေ့ရတယ်လို့လည်းသူက ဆက်ပြော ပါတယ်။
လက်ရှိတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ RCSS ဘက်ကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမကိုင် တာကြောင့် အဆက်အသွယ်မရသေးပါဘူး။
တပ်ဖွဲ့နှစ်ဖွဲ့ကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာနဲ့ပတ်သက်လို့ RCSS ကရော SSPP ဘက်ကရော နှစ်ဖက် အ ပြန်အလှန်ပြစ်တင်ဝေဖန်ထားကြပါတယ်။
RCSS က တိုက်ပွဲတွေ စတင်ဖော်ဆောင်တာဖြစ်တယ်လို့ SSPP ဘက် က ဝေဖန်သလို RCSS ကလည်း အပစ်ရပ် ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းထားပေမယ့် SSPPဘက်က တိုက်ပွဲတွေနဲ့တုံ့ပြန်လာတယ်လို့ ဆိုထား ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ကာလအတွင်း SSPP တပ်တွေဟာ ဒေသခံတွေကို RCSS တပ်ဖွဲ့ဝင် တွေနဲ့ ပတ်သက်မှုရှိမရှိစစ်ဆေးကာ ဖမ်းဆီးခေါ်ဆောင်သွားတာလုပ်နေတယ်လို့ RCSSက အခုလဆန်းမှာထုတ် ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ဆန်းပိုင်းကစလို့ လက်ရှိအချိန်အထိ လဲချားမြို့အရှေ့ဘက်မှာ ရှမ်းတပ် နှစ်ဖွဲ့ တလနီးပါးကြာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် စစ်ရှောင်နေရတဲ့ ဒေသခံတွေဟာ နေရပ်မပြန်နိုင်သေးပဲ အခြေခံစားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့သိရပါတယ်။