ဖားကန့်က ရေမဆေးကျောက်သမားတဦး စစ်ကြောရေးမှာ သေဆုံး

မေ၊ ၃
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဧပြီလ ၂၁ ရက်က စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အရပ်သား ၂၁၂ ဦးအနက် ရေမဆေးကျောက်ရှာသူတဦးဟာ မဆွပ်ယန်ထောင်စခန်း စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
“ သူ့အမျိုးသမီးကပြောတယ်၊ သေတာမှန်ရင် ဝတ်ပြုဆုတောင်းချင်တယ်ပေါ့ ” လို့ ဖားကန့်မြို့နယ် မှော်ပုံကျေးရွာက ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
သေဆုံးသူဟာ အသက် ၃၀ ကျော်အရွယ် ထွယ်ဆန်အောင် (ခေါ်) ဦးကုလား၊ ကချင်လူမျိုး ခရစ်ယာန်ဘာသာ ကိုးကွယ်သူတဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဖမ်းဆီးခံထားရစဉ် စစ်ကြောရေးမှာ သေဆုံးတဲ့သတင်းကို မိသားစုက နီးစပ်ရာကတဆင့်သိရတာဖြစ်ပြီး ဘယ်နေ့ကသေဆုံးတယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။
 
ထွယ်ဆန်အောင်သေဆုံးတဲ့အကြောင်းကို စစ်ကောင်စီဖက်က မိသားစုကို အကြောင်းကြားတာမရှိသလို အလောင်းလည်းပြန်မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်းကတော့ သေဆုံးသူထွယ်ဆန်အောင်ဟာ မဆွပ်ယန်အကျဉ်းထောင်ထဲမှာ ရိုက်နှက်စစ်ဆေးခံရရင်း လက်လွန်သေဆုံးသွားခဲ့တာလို့ ဒေသခံတွေရဲ့ ပြောကြားချက်ကိုကိုးကားပြီး ရေးသားထားပါတယ်။
 
စစ်ကောင်စီလုံခြုံရေးအဖွဲ့ဝင်တွေဟာ အကျဉ်းထောင်ထဲမှာ တယောက်ချင်းစီကို လက်နောက် ပြန်ကြိုးတုပ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွယ်မှုရှိ၊ မရှိ၊ ထောက်ပံ့တာရှိ၊ မရှိ ရိုက်နှက်စစ်ဆေးခံရတဲ့အတွက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ကောင်စီဟာ သေဆုံးသူ ထွယ်ဆန်အောင်အပါအဝင် ဖားကန့်မြို့နယ်၊ မှော်ပုံ၊ ဆန်ခါ နဲ့ မဇွပ်ယန်ကျေးရွာက ဒေသခံ၂၁၂ ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ဧပြီ ၂၁ ရက်နေ့က ဖမ်းဆီးပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခံရသူ (၁၀၀)ဝန်းကျင်ကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
 
ကျန်တဲ့သူတွေထဲမှာ ကချင်လူမျိုးအများအပြားပါဝင်ပြီး စစ်ကောင်စီဖက်က ကချင်လွတ်လပ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့တယ်စွပ်စွဲပြီး ဆက်လက်စစ်ဆေးနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းတဲ့ အချိန်ကစပြီး ငြိမ်းချမ်းစွာဆန္ဒပြတဲ့ အရပ်သားတွေကို အပြင်းအထန်ဖြိုခွဲခဲ့သလို ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ၂၄ နာရီအတွင်း သေဆုံးသူ၊ ထောင်အတွင်းမှာ ဆေးလုံလုံလောက်လောက် ကုသခွင့်မရလို့ သေဆုံးသူ၊ အလောင်းတောင်ပြန်မပေးတဲ့ဖြစ်စဉ်တွေလည်း အများအပြားရှိခဲ့ပါတယ်။
 
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေစတင်ပြီး၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၈၀၇) ဦးရှိပြီး အဲ့ဒီအထဲက (၁၇၈၉၇) ဦးဟာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အချက်အလက်တွေအရသိရပါတယ်။ လက်ရှိထိန်းသိမ်းခံနေရသူတွေထဲက (၅၈၃၉) ဦးဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ AAPP က ဖော်ပြထားပါတယ်။
 
ဒါ့အပြင် အာဏာသိမ်းပြီးနောက် သေဆုံးသူပေါင်း ၃၄၅၂ ဦးရှိပြီး စစ်ကောင်စီတပ်တွေဖမ်းဆီးစစ်ဆေးနေစဉ် စစ်ကြောရေးနဲ့ အကျဉ်းထောင်အပါအဝင် စစ်ကောင်စီတပ်တွေဖမ်းဆီးစစ်ဆေးရာနေရာတွေမှာ စစ်ဆေးမေးမြန်းနေစဉ် သေဆုံးသူ ၁၁၆၃ ဦးရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
 
အဲဒီကိန်းဂဏန်းတွေဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ကောက်ယူရရှိတဲ့ အချက်အလက်တွေဖြစ်ပြီး မြေပြင်မှာဖြစ်ပွါး​တဲ့ အချက်အလက်နဲ့ ကိန်းဂဏန်းအရေဟာ ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။ 
ဓာတ်ပုံ – ဖားကန့်ဒေသခံတဦး