အမရပူရ ရဲစခန်း တိုက်ခိုက်ခံရမှုခြောက်နှစ်အရွယ် ကလေးသေဆုံး၊ ကလေးတဦးအပါအဝင် လေးဦးဒဏ်ရာရ

မေ၊ ၂

မန္တလေးတိုင်း ၊အမရပူရမြို့နယ်ရဲစခန်းကို မနေ့က မနက်ပိုင်းက ၄၀ မမ ဗုံးသီးအပါအဝင် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် တဦးရဲ့ ခြောက်နှစ်အရွယ် ကလေးငယ်တဦးသေဆုံးသွားခဲ့သလို မိန်းကလေးငယ်တဦးအပါအဝင်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်အုပ်စုနဲ့ နီးစပ်သူတဦးက DNA ကိုအတည်ပြုပြောပါတယ်။

မနေ့က မေလ ၁ ရက်၊မနက် ၆ နာရီလောက်မှာ  အမရပူရမြို့နယ် ၊ဈေးချိုတိုက်နယ် ၊ပိန်းတန်းရပ် မန္တလေး – စစ်ကိုင်း ကားလမ်းပေါ်က အမရပူရမြို့နယ်ရဲစခန်း ကို မမ ၄၀ လောင်ချာနဲ့ ပစ်ခတ်ခံခဲ့ရသလို မနက် ၇ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီးချပြီးထပ်မံတိုက်ခိုက်ခံခဲ့ရတာပါ။

” ၄၀ မမ နဲ့ အထုခံရချိန် ရဲဝန်ထမ်းလိုင်းခန်းနားသွားကျတာပေါ့။ အဲဒီမှာ ရဲတပ်ကြပ်ရဲ သမီးထိသွားတယ် ။ဒဏ်ရာကအတော်များတယ် ။မနေကညပိုင်းမှာ ဆုံးသွားကြားတယ်။ ကလေးက မိန်းကလေးပါ ။ ထိတာကတော့ ကလေး ၂ ဦးနဲ့ လူကြီး ၃ ဦး ထိခိုက်သွားတယ် ” လို့ DNA ရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်ရဲ့ ကလေးငယ်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် နန်းတွင်းမှာ အရေးပေါ်ဆေးကုသမှုခံခဲ့ရသော်လည်း မနေ့က ညပိုင်းမှာသေဆုံး သွားတာခဲ့တာပါ ။

ရဲစခန်းရှေ့ လမ်းတွေပိတ်ပြီး ဘန်ကာတွေ အခိုင်အမာဆောက်ထားတဲ့ အမရပူရမြို့မရဲစခန်း တိုက်ခိုက်ခံမှုကြောင့် လက်တလောမှာ ရဲတပ်ဝင်တွေ လိုင်းခန်းမှာမနေရဲတော့ပဲစိုးရိမ်ထိတ်လန့်နေကြတယ်လို့ရဲနဲ့နီးစပ်သူတွေကပြောပါတယ်။

မန္တလေးမြို့ အခြေစိုက် Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့  (မန္တလေး) က အမရပူရမြို့မ ရဲစခန်းကို အမရပူရမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ကျောက်ဆည်ခရိုင် ပကဖနဲ့Truth Keeping Force(TKF-AMA )မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး (၄၀မမ) လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူပဲ ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုတွင် စခန်းဘေးရှိ နေအိမ်ခေါင်မိုးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၄၀ မမ ဗုံးနဲ့ တိုက်ခိုက်မှုတွ င် ရဲစခန်းအတွင်းကျရောက်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။ အဲဒီလို အရပ်သားပြည်သူတွေရဲ့ နေအိမ်အပေါ် ကျရောက်ခဲ့မှုကြောင့် နစ်နာမှုအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ Truth Keeping Force (Amarapura )အဖွဲ့က ဆိုထားပါတယ်။

DNA အနေနဲ့ဖြစ်စဉ်ကို Truth Keeping Force(Amarapura)အဖွဲ့ကိုအွန်လိုင်းကတဆင့်မေးမြန်းခဲ့ပေမယ့် သုံးနာရီခန့်အထိမဖြေကြားသေးပါဘူး။

အဲဒီတိုက်ခိုက်မှုတွေ အတွင်း စစ်အုပ်စုဖက်ကလည်း သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့သလို လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်ခဲ့ပေမယ့် ဖမ်းဆီးတာတွေ မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်းက ပုသိမ်ကြီးမြို့ မြေစာရင်းဦးစီးဌာနမှာ လက်ထောက်ဦးစီးမှူးဆိုသူ သူရဲ့ နေအိမ်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရသလို ပြည်ကြီးတံခွန်မြို့နယ်မှာလည်း အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ CRPH၊ NUGနဲ့ PDFတွေရဲ့တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၅၆ ဦးအပါအဝင် လူပေါင်း ၅၂၄၇ဦးသေဆုံးခဲ့တယ်လို့ မတ်လ ၂၀ရက်ကထုတ်ပြန်ချက်တခုမှာစွပ်စွဲထားပါတယ်။

Photo စစ်ကောင်စီထောက်ခံမီဒီယာ