ဧပြီ၊ ၂၈
နယ်စပ်ရေးရာ ကဏ္ဍနဲ့ ပတ်သက်ပြီး အခြေခံ သဘောတူညီမှုတွေကို တရုတ်က ချိုးဖောက်နေတဲ့အပေါ် အတိအလင်း အသိပေးခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။
အိန္ဒိယနဲ့ တရုတ်တို့ဟာ ဟိမဝန္တာ တောင်တန်းဒေသတွေ ဆက်နွှယ်နေတဲ့ တောင်တန်းဒေသတွေမှာ နယ်စပ် အငြင်းအခုံတွေ ဖြစ်ပွားပြီး မဖြေရှင်းနိုင်ခဲ့တာ ၃ နှစ်နီးပါး ကြာမြင့်လာပါပြီ။ အရှေ့ လာဒက်ခ် ဒေသမှာ နှစ်ဖက် အသေအပျောက် ဖြစ်တဲ့ထိ နယ်ခြားစောင့်တပ်ချင်း ခိုက်ရန် ဖြစ်ပွားမှုတွေပါ ကြုံခဲ့ပါတယ်။
ဧပြီ ၂၇ ရက်မှာတော့ တရုတ်နဲ့ အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးတွေ ဒေလီမြို့မှာ တွေ့ဆုံခဲ့ပြီး ဧည့်သည် ဝန်ကြီး လီရှန်ဖူကို အခုပြဿနာနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း အသိပေး ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယဝန်ကြီး ရက်ဂျ်နက်သ်ဆင်းက သတင်းထောက်တွေကို ပြောပါတယ်။
အိန္ဒိယနဲ့ တရုတ်တို့ကြား ဆက်ဆံရေးကို တိုးမြှင့် တည်ဆောက်ရာမှာ နယ်စပ်ဒေသရဲ့ တည်ငြိမ်ရေးနဲ့ အေးချမ်းရေးဟာ အရေးအကြီးဆုံး လိုအပ်ချက် တခုဖြစ်တယ်လို့လည်း ဆင်းက လီကို ပြောကြားခဲ့ပါတယ်။
သူက နယ်စပ်နားမှာ တရုတ်က စစ်အင်အား အလုံးအရင်း ဖြန့်ကျက်ထားပြီး ရန်လိုတဲ့ အပြုအမူတွေ ပြသနေတာဟာ နှစ်နိုင်ငံ နယ်စပ်အရေး မူအားဖြင့် သဘောတူထားတာတွေကို အခြေခံကျကျ ချိုးဖောက်ရာ ရောက်နေတယ်လို့လည်း ဝေဖန်သွားပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်က နှစ်နိုင်ငံ နယ်ခြားစောင့် တပ်တွေချင်း အကြီးအကျယ် ပဋိပက္ခ ဖြစ်ခဲ့ရာမှာ အိန္ဒိယ စစ်သား ၂၀ နဲ့ တရုတ် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ကနဦး သဘောတူညီမှုတွေအရ အဲဒီလို တိုက်ခိုက်ကြရာမှာ သေနတ်မပစ်ကြဘဲ တုတ်တွေ၊ ဓားတွေ၊ တင်းပုတ်တွေလို ရှေးခေတ် လက်နက်တွေကိုသာ အသုံးပြုခဲ့ကြပါတယ်။
နှစ်နိုင်ငံစလုံးဟာ ဟိမဝန္တာနဲ့ ဆက်စပ်နေတဲ့ နယ်စပ်တလျှောက်မှာ စစ်သည် သောင်းဂဏန်းလောက် အလုံးအရင်း ဖြန့်ကျက်ထားတဲ့အပြင် တင့်ကားတွေ၊ လက်နက်ကြီးတွေနဲ့ တိုက်လေယာဉ်တွေနဲ့ပါ ပံ့ပိုးထားကြပါတယ်။