ဧပြီ၊ ၂၈
မြောက်ကိုရီးယားနဲ့ ပြဿနာတွေ ဆိုးသထက် ဆိုးလာအောင် သွားဆွနေတာဟာ ပညာသားပါတဲ့ ရွေးချယ်မှု မဟုတ်ဘူးလို့ တရုတ်က အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု အစီအမံသစ်တွေကို ကြေညာခဲ့ပါတယ်။ အဲဒီ အစီအမံသစ်တွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို တုံ့ပြန် တွန်းလှန်ဖို့ အဓိက ဦးတည်ထားတာဖြစ်ပြီး အမေရိကန်က နျူကလီးယား ရေငုပ်သင်္ဘောတွေ တောင်ကိုရီးယားမှာ ဖြန့်ကျက်ထားမယ့် ကိစ္စမျိုးတွေလည်း ပါဝင်နေပါတယ်။
မြောက်ကိုရီးယားရဲ့ တခုတည်းသော အဓိက စစ်မဟာမိတ် နိုင်ငံလို့ သတ်မှတ်နိုင်တဲ့ တရုတ်ကတော့ ကိုရီးယား ကျွန်းဆွယ် တင်းမာမှုတွေကို ဖြေရှင်းရာမှာ အားလုံး စုံစုံညီညီ ပါဝင်ပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ် ဆွေးနွေးမှုတွေကိုသာ အဓိက အားကိုး ရွေးချယ်သင့်တယ်လို့ ပြောပါတယ်။
ပြီးတော့ တင်းမာမှုတွေကို ဆိုးသထက်ဆိုးလာအောင်၊ ခြိမ်းခြောက်မှုနဲ့ ထိပ်တိုက်တွေ့မှုတွေကို ပိုပြင်းထန်လာအောင် ရည်ရွယ်ချက်ရှိရှိ အားဖြည့်ပေးနေတာမျိုးတွေကို ရပ်တန်းက ရပ်သင့်ပြီလို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်က တိုက်တွန်းသွားပါတယ်။
ဝါရှင်တန်က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ယွန်နဲ့ ဘိုင်ဒန်တို့က တကယ်လို့သာ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေကို နျူကလီးယားနဲ့ စတင် တိုက်ခိုက်ခဲ့မယ်ဆိုရင် မြောက်ကိုရီးယား အစိုးရဟာ ဆိုးရွားခက်ထန်လှတဲ့ အကျိုးဆက်မျိုးနဲ့ ရင်ဆိုင်သွားရစေမယ်လို့ အတိအလင်း သတိပေးသွားပါတယ်။
တောင်ကိုရီးယားရဲ့ လုံခြုံရေးအတွက် အမေရိကန်က နျူကလီးယား လက်နက်တိုက်ကို ပိုမို အသုံးပြုပြီး အကာအကွယ်ပေးမယ့် သဘောတူညီချက်ကို တရုတ်ကတော့ ကန့်ကွက် ရှုတ်ချထားပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရတွေဟာ ဒေသ လုံခြုံရေး ကဏ္ဍကို လျစ်လျူရှုပြီး ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေကို ပိုမိုဖန်တီးရင်း အမြတ်ထုတ်ဖို့သာ အားသန်နေကြတယ်လို့ တရုတ်က စွပ်စွဲခဲ့ပါတယ်။
အမေရိကန် အစိုးရရဲ့ လုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေကို ဆိုးသထက် ဆိုးလာစေပြီး ဒေသရဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုပါ ထိခိုက် လျော့ပါးလာစေမယ့်အပြင် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေး ရည်မှန်းချက်တွေကိုပါ နစ်မွန်းစေတယ်လို့ မော်က ပြောကြားသွားပါတယ်။