ဧပြီ၊ ၂၇
သူကိုင်တွယ်သမျှ ၅ ပွဲစလုံး ရှုံးခဲ့တဲ့နောက် ပရိသတ်တွေ အကြီးအကျယ် စိတ်ပျက်နေမယ် ဆိုတာကို ခံစား နားလည်မိကြောင်း ချဲလ်ဆီး အသင်းရဲ့ ယာယီ မန်နေဂျာ ဖရန့်ခ် လမ်းပတ်က ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီးဟာ ရလဒ်တွေ ဆိုးရွားခဲ့တဲ့နောက် မန်နေဂျာ ဂရေဟမ် ပေါ့တားကို ထုတ်ပယ်ပြီး အသင်းရဲ့ ဂန္ထဝင် ကစားသမားဟောင်းလည်းဖြစ်၊ မန်နေဂျာဟောင်းလည်းဖြစ်တဲ့ လမ်းပတ်ကို ယာယီ မန်နေဂျာအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လမ်းပတ်ရဲ့ အခြေအနေဟာ ရှင်ကြီး ကျားထက်ဆိုး ဆိုသလို ဖြစ်နေပြီး သူကိုင်တွယ်သမျှ ၅ ပွဲစလုံး ဆက်တိုက် ရှုံးနိမ့်ထားခဲ့ပါတယ်။
ဧပြီ ၂၆ ရက် ညပိုင်းက ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဘရန့်ဖို့ဒ် အသင်းကို ရင်ဆိုင်ခဲ့ရပေမယ့်လည်း ၂-၀ နဲ့ ရှုံးနိမ့်သွားပြန်ပါတယ်။ အခုဆိုရင် ချဲလ်ဆီးဟာ ပြိုင်ပွဲပြီးဆုံးဖို့ ၆ ပွဲ အလိုမှာ တန်းဆင်းဇုန်နဲ့ ၁၀ မှတ်အကွာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာထိ ကျဆင်း ရပ်တည်နေပါတယ်။
အသက် ၄၄ နှစ်အရွယ် လမ်းပတ်ဟာ ချဲလ်ဆီးရဲ့ ၁၁၈ နှစ်ကြာ သမိုင်းကြောင်းမှာ ပထမဆုံး ၄ ပွဲဆက်တိုက် ရှုံးနိမ့်တဲ့ မန်နေဂျာအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အခုတော့ ၅ ပွဲဆက်တိုက်ပါ ရှုံးပြလိုက်တာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်အပြီးမှာတော့ ပရိသတ် တချို့ဟာ ကွင်းထဲမှာ ဆက်နေခဲ့ပြီး လက်ခေါက်တွေမှုတ်ရင်း လမ်းပတ်နဲ့ ကစားသမားတွေကို လှောင်ပြောင်ခဲ့ပါတယ်။ လမ်းပတ်ကတော့ သူ့အတွက်တော့ ဒီအခြေအနေကို စိတ်မကွက်ကြောင်း၊ ပရိသတ်တွေရဲ့ ခံစားချက်ကို အပြည့်အဝ နားလည်ကြောင်း ပြောကြားသွားပါတယ်။
ပရိသတ်တွေရဲ့ အကြောင်းကို သူ့အနေနဲ့ ကောင်းကောင်းသိကြောင်း၊ ချဲလ်ဆီး ပရိသတ်တွေဟာ ဘယ်အချိန်မှာမဆို အသင်းနဲ့ တသားတည်း ရပ်တည်ကြကြောင်း၊ ဒါပေမဲ့ အောင်မြင်နေကျ အသင်းတသင်းက အခုလို အခြေအနေတွေကို ဖြတ်သန်းနေရတဲ့အခါ သူတို့လည်း စိတ်ဓာတ် ကျနေမယ် ဆိုတာကို သဘောပေါက်ကြောင်း၊ သူ့အနေနဲ့ လက်ရှိ အနေအထားကို ကောင်းကောင်း နားလည်ပြီး ကစားသမားတွေ၊ အသင်းရဲ့ ဝန်ထမ်းတွေ အားလုံးဟာ ပရိသတ်တွေ လိုချင်နေတဲ့ ရလဒ်တွေ ဖန်တီးပေးဖို့ တာဝန်ရှိနေကြောင်း လမ်းပတ်က မှတ်ချက် ပေးသွားပါတယ်။
အခုရာသီ အစောပိုင်းကမှ ချဲလ်ဆီးကို လက်လွှဲ ဝယ်ယူခဲ့တဲ့ အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေး အတွက်တော့ ပွဲဦးထွက် ရာသီဟာ မှန်းချက်နဲ့ နှမ်းထွက် အကြီးအကျယ် လွဲချော်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။ ချဲလ်ဆီးဟာ အခုရာသီ အပြောင်းအရွှေ့ ကာလနှစ်ခုမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀၀ ဝန်းကျင်ထိ အသုံးပြုပြီး မန်နေဂျာ ၃ ဦးထိ အပြောင်းအလဲ လုပ်ထားပေမယ့် ပြိုင်ပွဲစုံ ၄၃ ပွဲ ကစားပြီးချိန်ထိ နိုင်ပွဲ ၁၅ ပွဲသာ ရခဲ့ပြီး ရှုံးပွဲ အရေအတွက်ကတော့ အဲဒီထက် ၃ ပွဲ ပိုများနေပြီ ဖြစ်ပါတယ်။