ချင်းတောင်တက်သွားတဲ့ စစ်ကောင်စီစစ်ယာဉ်တန်း ခြုံခိုတိုက်ခံလို့ လူသားဒိုင်းအကာအကွယ်ယူပြီး ဆုတ်ခွာခဲ့

ဧပြီ၊ ၂၆

ကလေးမြို့ကနေ ချင်းပြည်နယ် တီးတိန်ဘက်ကို ဧပြီလ ၁၈ ရက်နေ့ကတက်သွားတဲ့ အင်အားတရာကျော်ပါ စစ်ကောင်စီကားလေးစီးဟာ ဒေသခံချင်းကာကွယ် ရေးတပ် CDF CDM SIYIN ရဲ့တိုက်ခိုက်မူတွေကြောင့် လူသားဒိုင်း နှစ်ဆယ်လောက် အကာအကွယ်ယူပြီးဆုတ်ခွာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

” ခြေလျင်သွားခိုင်းတာ။ ကျနော်တို့ရပ်ကွက်ထဲကဟာတွေရောပါတယ်။ သူတို့တွေ ၂၄ ရက်နေ့ကစ လူသားဒိုင်းခေါ်ခံရတာ လမ်းမှာတညကြာသေးတယ်။ ဆယ့်ငါးမိုင်လောက်တော့အနည်းဆုံးလမ်းလျောက်ခဲ့ရမယ်ထင်တယ်။ ဦးရေကတော့အတိအကျမသိဘူး။ နှစ်ဆယ်ဝန်းကျင်လောက်ရှိနိုင်တယ်”လို့လူသားဒိုင်းအသုံးပြုခံရတဲ့သူတဦးနဲ့ဆွေမျိုးနီးစပ်သူတဦးကပြောပါတယ်။

ုစစ်ကောင်စီတပ်တွေဟာ အကြိမ်ကြိမ်ခြုံခိုတိုက်ခိုက်ခံရတာကြောင့် ဧပြီလ ၂၄ ရက်မှာခရီးသွားတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီးပြန်လည်ဆုတ်ခွာခဲ့ကာ ဧပြီလ ၂၅ ရက်ညမှာ ကလေးတက္ကသိုလ်မှာ တညအိပ်ခိုင်းပြီး ဧပြီလ ၂၆ ရက် ဒီမနက်မှာ ပြန်လွှတ်ပေးခဲ့ တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲကတွေကတော့ စစ်ကောင်စီက ခရီးသွားပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တာကြောင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုကြပဲ လွှတ်ပေးလိုက်တယ်လို့လည်း သိရ ပါတယ်။

ဒါ့အပြင် ကလေးမြို့ကနေ စစ်ကောင်စီဟာ ခြေလျင်စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ယာဉ်တန်းကိုသွားရောက်ကြိုဆိုခဲ့ရပြီး ကလေးကနေ ချင်းတောင်ကိုတက်တဲ့ ခရီးသည်ကားတွေက ခရီးသည်တွေကို လူသားဒိုင်းအဖြစ်ကလေးရောက်တဲ့အထိ ခေါ်ဆောင်အသုံးပြုကာ ကလေးမြို့ရောက်မှပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

” သူတို့တက်သွားတဲ့ရက်ကဆိုတပတ်ကြာခဲ့တာပေါ့ ။ သိုင်းငင်းဟိုဖက်နားလောက်ပဲရောက်မယ်။ ပြန်လှည့်ခဲ့ရတာ။ မိုင်လေးဆယ်လောက်ပဲခရီးပေါက်ခဲ့မယ်” လို့ ဒေသခံတဦးကပြောပါတယ်။

အဲဒီခြုံခိုတိုက်ခိုက်မှုတွေဟာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကျအဆုံးနဲ့ ထိခိုုက်ဒဏ်ရာရရှိမှုအခြေအနေကိုတော့ DNA က မသိရသေးပါဘူး။

ဧပြီလ ၁၈ ရက်နေ့ ကလေးမြို့ကနေ ချင်းတောင်ကိုတက်သွားတဲ့ စစ်ကောင်စီ ကားလေးစီးကို   သိုင်းငင်းရွာနဲ့ ကနေဒီကြားမှာ ဧပြီ ၁၉ ရက်နေ့က  CDF CDM SIYIN ရဲဘော်တွေက   နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး သုံးနာရီကျော် အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်ကအထိနာတာကြောင့် တီးတိန်ဘက်ကို ဆက်မသွားနိုင်တော့ဘဲ ကနေဒီကနေ သိုင်းငင်းဘက်ပြန်လှည့်သွားခဲ့ကြတာဖြစ််တယ်လို့ CDF CDM SIYIN ကထုတ်ပြန်ပါတယ်။ သိုင်းငင်းရွာဟာ ကလေးမြိုနဲ့ မိုင်သုံးဆယ်အကွာ ကလေး – ဖလမ်း – ဟားခါး၊ ကလေး -တီးတိန် လမ်းဆုံနားမှာတည်ရှိတဲ့ရွာဖြစ်ပါတယ်။

စစ်ကောင်စီယာဉ်တန်းဟာ သိုင်းငင်းရွာမှာ ညအိပ်ရပ်နားခဲ့ပြီး ဧပြီ ၂၂ ရက်နေ့မှာ ကလေးမြို့ဘက်ကိုထွက်ခွာလာခဲ့တယ်လို့သိရပါတယ်။ သိုင်းငင်းရွာကနေ  ကလေးမြို့ဘက်ကို ပြန်ဆင်းလာတဲ့စစ် ကောင်စီယာဉ်တန်းကို  ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းမှာပဲ CDF CDM SIYIN ရဲဘော်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး နှစ်နာရီကျော် အပြန်အလှန် ပစ်ခတ်မှုရှိခဲ့တယ်လို့ အဆိုပါအဖွဲ့ကထုတ်ပြန်ပါတယ်။ အဆိုပါတိုက်ပွဲမှာ PDF Zoland ကလည်း လာရောက်ကူညီတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

 ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ကလေးဘက်ဆက်လက်ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တနာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မူဖြစ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းအထိနာခဲ့ပြီး ကလေးမြို့ကနေလက်နက်ကြီးတွေနဲ့တရစပ်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေ အဓိကနယ်မြေစိုးမိုးထားတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီယာဉ်တန်းတွေသွားတိုင်း တိုက်ခိုက်ခံရတာဟာ စစ်အာဏာသိမ်းပြီးကတည်းကဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ ကလေးမြို့ကနေ ဟားခါးကိုတက်သွားတဲ့ ကားအစီးသုံးဆယ်ဝန်းကျင်ပါ စစ်ကောင်စီယာဉ်တန်းဟာလည်း ဧပြီလထဲမှာပဲ ဒေသခံကာကွယ်ရေးတပ်တွေရဲ့တိုက်ခိုက်မူကြောင့် ယာဉ်တစီးမကျန်ပျက်စီးခဲ့ပါတယ်။