နေပြည်တော်က အင်န်အယ်လ်ဒီအမတ် ဦးကျော်မင်းလှိုင် အိုးဘိုထောင်က ပြန်လည်လွတ်မြောက်လာ

ဧပြီ ၊ ၇

နေပြည်တော် ဥတ္တရသီရိမြို့နယ်က ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်လ်ဒီအမတ် ဦးကျော်မင်းလှိုင်ဟာ ဒီကနေ့ မန္တလေးအိုးဘိုထောင်ကနေပြန်လည်လွတ်မြောက်လာတယ်လို့ ပါတီနဲ့ မိသားစုနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။

‘’ဒီနေ့ မနက်လွတ်တယ်။ နေပြည်တော်ကို ပြန်သွားပါတယ်’’ လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရဲထောက်လှမ်းရေးတပ်ဖွဲ့ဖြစ်တဲ့ SB ရဲတပ်ဖွဲ့က မနေ့က ဦးကျော်မင်းလှိုင်မိသားစုကို ဖုန်းဆက် အသိပေးပြီး ဒီမနက် ပြန်လည်လွှတ်ပေးခဲ့တာလို့လည်း မန္တလေးအိုးဘိုထောင်အသိုင်းအဝိုင်းက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်က ရွေးကောက်ပွဲမှာဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့တဲ့ ဦးကျော်မင်းလှိုင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ မတ်လ ၁ ရက်မှာ  ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ဆူပူအောင်လှုံ့ဆော်တယ်ဆိုပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခဲ့ပြီးထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တဲ့အတွက် ထောင်ထဲမှာ နှစ်နှစ်နဲ့ တလကျော်ကြာနေထိုင်ခဲ့ရပါတယ်။

နေပြည်တော်က အင်န်အယ်လ်ဒီပါတီဝင်တွေထဲမှာ နေပြည်တော်အင်န်အယ်လ်ဒီဥက္ကဌ ဦးမင်းသူ၊ ဒက္ခိဏသီရိပြည်သူ့လွှတ်တော်အမတ်ဦးသန့်စင်ထွန်းတို့ကတော့ လက်ရှိမှာ စစ်ကောင်စီရဲ့ ထောင်တွေထဲမှာ ရှိနေတုန်းပါ။

နေပြည်တော်က အမျိုးသားလွှတ်တော်အမတ်ဦးမောင်မောင်ဆွေကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်မှာ လွတ်ငြိမ်းနဲ့ လွတ်မြောက်လာပြီး လွတ်မြောက်နယ်မြေမှာ နေထိုင်နေတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီက ဒီကနေ့မှာရွှေဝါရောင်တော်လှန်ရေးဦးဆောင်သံဃာတပါးဖြစ်တဲ့ ဦးဇင်းပုရစ်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ကို လျှော့ရက်ပေးလို့ အကျဉ်းထောင်အသီးသီးကလွတ်မြောက်လာကြတယ်လို့သိရပါတယ်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းတဲ့အချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်အထိလူပေါင်း၂၁၂၄၂ ဦးကို ဖမ်းဆီးထားတဲ့အနက် ပြန်လည်လွတ်မြောက်သူ ၃၈၄၅ ဦး၊ ဆက်လက်ဖမ်းဆီးထားသူ ၁၇၃၇၅ ဦးနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၅၃၉ ဦးကိုထောင်ဒဏ်ချမှတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

အဲဒီလိုဖမ်းဆီးခံထားရသူတွေထဲမှာ အင်န်အယ်လ်ဒီပါတီကပါတီခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေအပါအဝင်  ပါတီဝင် ၁၂၃၅ ဦးပါဝင်တယ်လို့မတ်လ ၂၉ ရက်က ထုတ်ပြန်ထားပါတယ်။