မတ်၊ ၂၃
သမ္မတက ပြည်ပကို သွားရောက်နေချိန် အတောအတွင်း တရုတ်ဖက်က လှုပ်ရှားလာနိုင်သမျှ အခြေအနေ အားလုံးအတွက် ကြိုတင်တွေးတော ပြင်ဆင်ထားကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ် အစိုးရက သမ္မတ ဆိုင်အင်ဝမ်ဟာ လာမယ့် သီတင်းပတ်အတွင်း အမေရိကန် ပြည်ထောင်စုနဲ့ အလယ်ပိုင်း အမေရိက ဒေသတွေဆီ သွားရောက်မယ်လို့ အတည်ပြုထားပါတယ်။ တရုတ်က ထိုင်ဝမ်ရဲ့ သံတမန်ရေး လွတ်လပ်ခွင့်ကို ဘက်ပေါင်းစုံ ပိတ်ဆို့ပြီး ဖိအားပေးလာချိန်မှာ ဆိုင်က အခု ခရီးစဉ်ကို အကောင်အထည် ဖော်ခဲ့တာပါ။
ထိုင်ဝမ် ဒုတိယ ကာကွယ်ရေးဝန်ကြီး ပိုဟောင်ဟွေးက နိုင်ငံမှာ သမ္မတ ရှိမနေချိန် အတောအတွင်း တရုတ်က အမျိုးမျိုး အဖုံဖုံ လှုပ်ရှားလာနိုင်တာကို နားလည်ထားကြောင်း၊ ဒီအတွက်လည်း ဘက်ပေါင်းစုံက ကြိုတင်တွေးတောပြီး အရေးပေါ် အစီအမံတွေ ရေးဆွဲထားကြောင်း ပြောပါတယ်။
အမေရိကန်ကို လာရောက်ဖို့အတွက် ဆိုင်ကို ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လမှာ အဲဒီတုန်းက အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ဟာ ထိုင်ဝမ်နဲ့ သံတမန်ရေး ထူထောင်ထားတဲ့ ဂွာတီမာလာ၊ ဘီလစ်ဇီ နိုင်ငံတွေဆီ သွားရောက်မယ့်အပြင် အမေရိကန်က နယူးယောက်နဲ့ လော့စ်အန်ဂျလိစ် မြို့တွေမှာလည်း ခရီးတထောက် ဝင်ရောက်မယ်လို့ ဆိုပါတယ်။
တရုတ်ဟာ ဒီမိုကရေစီ ပီပြင်ထွန်းကားပြီး ကိုယ်ပိုင် စနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ပိုင်နက် နယ်မြေ တခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကို နိုင်ငံတကာနဲ့ သံတမန်ရေး ပြတ်တောက်စေပြီး အထီးကျန် ရပ်တည်ရဖို့လည်း ဆက်တိုက် ဖိအားပေးနေပါတယ်။ ဒါ့အပြင် ထိုင်ဝမ်တဝိုက်မှာ အင်အားကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ မကြာခဏ ပြုလုပ်ပြခဲ့သလို ထိုင်ဝမ်က တရုတ်လက်အောက်ခံ အဖြစ်ကနေ ခွဲထွက်ဖို့ ပီပီပြင်ပြင် ကြိုးစားလာတာနဲ့ စစ်ရေးအရ တုံ့ပြန် အရေးယူမယ်လို့ အတိအလင်း ခြိမ်းခြောက်ထားပါတယ်။
အမေရိကန် အစိုးရကတော့ အမေရိကန်ကို ဆိုင်ရောက်ရှိလာမှာဟာ ခရီးတထောက် ရပ်နားတဲ့ သဘောသာဖြစ်ပြီး အရင်ကလည်း ဒီလိုကိစ္စတွေ အကြိမ်ကြိမ် ရှိခဲ့ဖူးတာကြောင့် တရုတ် အနေနဲ့ အကဲဆတ်နေစရာ မလိုဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ဆိုင်ကို အမေရိကန် လာရောက်ခွင့် ပေးတဲ့ကိစ္စအပေါ် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက် ဝေဖန်ထားပါတယ်။
ထိုင်ဝမ်ဟာ တရုတ်ရဲ့ အချုပ်အခြာ အာဏာပိုင် နယ်မြေအဖြစ် သတ်မှတ်မှုတွေကို ငြင်းဆိုပြီး ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ် ပြည်သူတွေကသာ ဆုံးဖြတ်ရမယ်လို့ ကြွေးကြော်ထားပါတယ်။ ကမ္ဘာပေါ်မှာ ထိုင်ဝမ်ကို လွတ်လပ်တဲ့ နိုင်ငံတခု အနေနဲ့ အသိအမှတ်ပြုပြီး သံတမန် ဆက်ဆံရေး ထူထောင်ထားတာဟာ ဘီလစ်ဇီနဲ့ ဂွာတီမာလာတို့ အပါအဝင် ၁၄ နိုင်ငံသာ ရှိတယ်လို့လည်း သိရပါတယ်။