မတ်၊ ၂၁
အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းနိုင်ငံ PTTEP ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို ရက်ပေါင်းသုံးဆယ်အတွင်း ပူးပေါင်းဆောင်ရွက်မှုမရှိရင် စင်ကာပူနိုင်ငံက အနုညာတရားရုံးမှာ တရားစွဲဆိုမယ် လို့ မတ်လ ၂၀ ရက် မနေ့ကအွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ကမ်းလွန်ရေနံ့နဲ့ သဘာဝဓာတ်ငွေစီမံကိန်းထဲမှာအကြီးဆုံးဖြစ်တဲ့ ရတနာကမ်းလွန်စီမံကိန်းရဲ့ သတင်းအချက်အလက်တွေ၊ ငွေပေးချေမှုကိစ္စတွေကို NUG အစိုးရထံကို ထိုင်းနိုင်ငံ PTTEP က ပေးပို့ဖို့နဲ့ မပေးရင် စင်ကာပူနိုင်ငံအနုညာတတရားရုံးမှာတရားစွဲမယ်လို့ဆိုလိုက်တာပါ။
”ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရလဒ်နဲ့ သိပ်ပြီးတော့မကိုက်ညီဘူးဆိုရင်ရင် ပဋိညာဉ်စာချုပ်ပါ ပေးထားချက်နဲ့ ကတိကဝတ်များအရ စင်ကာပူမှာ အနုညာတအငြင်းပွားမှုဆိုင်ရာခုံရုံးကိုဦးတိုက်လျှောက်ထားသွားမှာဖြစ်ပါတယ်” လို့ NUG စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးတင်ထွန်းနိုင်က ပြောပါတယ်။
တောင်းဆိုချက်တွေထဲမှာ စစ်ကောင်စီထံကို စာချုပ်ပါအချက်အလက်တွေကိုမမှန်မကန်လိုက်နာပေးပို့ခဲ့တဲ့ အခွန်အကောက်တွေ၊ လစဉ်အစီရင်ခံစာတွေ၊ စစ်အာဏာသိမ်းပြီးနောက် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအပေါ်ဖြေရှင်းချက်တောင်းခံတာ၊ စီမံကိန်းရဲ့ အနာဂတ်ငွေပေးချေမှုအားလုံးကို NUG အစိုးရဲ့ သဘောတူလက်ခံတဲ့ အခြားငွေစာရင်းတခုကိုဆောင်ရွက်ဖို့စတာတွေပါဝင်ပါတယ်။
အဲဒီလိုလုပ်ဆောင်တာဟာ ခေတ်အဆက်ဆက် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ PTTEP အပေါ်ထိခိုက်စေလိုတာမရှိသလို ဆောင်ရွက်နေတဲ့လုပ်ငန်းတွေရပ်တန့် စေလိုတာလည်းမရှိဘူးလို့ NUG လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဦးစိုးသူရထွန်းကပြောပါတယ်။
”ဒီရန်ပုံငွေသည် ကျွန်တော်တို့ မြန်မာပြည်သူများကို အကြမ်းဖက်တိုက်ခိုက်နှိပ်စက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကို အထောက်အပံ့ဖြစ်နေတဲ့အတွက် ကြောင့်ပါ”လို့ ပြောပါတယ်။
စစ်ကောင်စီအာဏာမသိမ်းခင်ရေးဆွဲခဲ့တဲ့ အစိုးရရဲ့ ရသုံးမှန်းခြေစာရင်းအရ ၂၀၂၂ ခုနှစ်၊ မတ်လက အထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍကနေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံနီးပါးဝင်ငွေရမှာဖြစ်ပြီးအ စိုးရရဲ့ စုစုပေါင်းဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကျော်ရှိတာပါ။
အဲဒီကရတဲ့ ဝင်ငွေတွေနဲ့ စစ်ကောင်စီဟာ လက်နက်ခဲယမ်းဝယ်ယူပြီး ဆန့်ကျင်သူတွေကို လေကြောင်းကတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပတ်ခတ်တာ၊ ရွာတွေကိုမီးရှို့နေတဲ့အတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ရတဲ့ဝင်ငွေကို သွေးစွန်းငွေဖြတ်တောက်ရေးဆိုပြီးဆန့်ကျင်နေတာလည်းရှိပါတယ်။
ဒါကြောင့် နိုင်ငံတကာရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ၊ နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့လူသားချင်းစာနာတဲ့အနေနဲ့ ဝိုင်းဝန်ကူညီဖို့နဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်းရှယ်ယာလွှဲပြောင်းတာကိုNUG အစိုးရရဲ့ အတည်ပြုချက်ယူဖို့၊ စီမံကိန်းလည်ပတ်မှုပုံမှန်တင်ပြဖို့တိုက်တွန်းထားပါသေးတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာပြင်သစ်နိုင်ငံ Total ရေနံလုပ်ငန်းနဲ့အမေရိကန်နိုင်ငံက Chevron လုပ်ငန်းတို့နုတ်ထွက်ခဲ့သလို နော်ဝေလုပ်ငန်းတခုဖြစ်တဲ့ Norway’s Oil Fund ကလည်း စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ PTTEP နဲ့ PTTORတို့က နှုတ်ထွက်ခဲ့ပါတယ်။
ရတနာကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက်ကနေ ပြင်သစ်ရေနံလုပ်ငန်း Total နုတ်ထွက်သွားတဲ့နောက်မှာ PTTEP က ရှယ်ယာတွေကိုဆက်ခံပြီး စုစုပေါင်းအစုရှယ်ယာ ၃၇ ရာခိုင်နှုန်းကျော်အထိပိုင်ဆိုင်လာတယ်လို့ စစ်ကောင်စီကမနှစ်ကထုတ်ပြန်ထားပါတယ်။
ထိုင်း PTTEP ကိုတရားစွဲရင် တရားရုံးကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကုန်ကျနိုင်တယ်လို့ မျှော်မှန်းထားပြီး နိုင်ငံတကာမှ အလှူရှင်အဖွဲ့အစည်းနှစ်ခုက အကူအညီပေးဖို့ ပြောဆိုထားပေမယ့်၊ အလှူငွေမရပါက NUG အစိုးရရဲ့ ဘဏ္ဍာငွေထဲက သုံးစွဲမယ်လို့ သိရပါတယ်။
ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE လုပ်ပိုင်ခွင့်များတွေကို NUG လျှပ်စစ်နဲ့ စွမ်းအင်ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ထံ လွှဲပြောင်းထားလို့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ဆိုပေမယ့် PTTEP ကုမ္ပဏီအပါအဝင် ရေနံနဲ့ သဘာဝဓာတ်ငွေလုပ်ငန်းတွေက စစ်ကောင်စီနဲ့သာဆက်ဆံနေတယ်လို့ NUG က ဆိုပါတယ်။
ထိုင်းPTT ကလည်းမုတ္တမပင်လယ်ကွေ့က အမေရိကန်ဒေါ်လာ ၂ ဘီလီယံကုန်ကျမယ့် ကမ်းလွန်ရေနံလုပ်ကွက်စီမံကိန်းရွှေ့ဆိုင်းခဲ့သလို မြန်မာနိုင်ငံမှာ လောင်စာဆီသယ်ယူပို့ဆောင်သိုလှောင်တဲ့စီမံကိန်းကို ရပ်ဆိုင်းခဲ့ပါတယ်။
‘’PTTEP အနေနဲ့ လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီးတာဝန်ယူမှုရှိတဲ့စီးပွားရေးလုပ်ငန်းအနေနဲ့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့မျှော်လင့်ထားပါတယ်’’လို့ NUG စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးတင်ထွန်းနိုင်ကပြောပါတယ်။