ခံစစ်စွမ်းဆောင်ရည် မှတ်တမ်းကောင်းတခု ပိုင်ဆိုင်လာတဲ့ ဘာစီလိုနာ

မတ်၊ ၁၃

ဘာစီလိုနာ အသင်းဟာ စပိန် လာလီဂါ အမှတ်ပေး ပြိုင်ပွဲမှာ ခံစစ် စွမ်းဆောင်ရည်ဆိုင်ရာ စံချိန် မှတ်တမ်းသစ် တခုကို ရေးထိုး စိုက်ထူနိုင်ခဲ့ပါတယ်။

လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဘာစီလိုနာဟာ ဆန်မာမက်စ် ကွင်းကြီးမှာ အိမ်ရှင် အက်သလက်တီကို ဘီလ်ဘာအို အသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဘာစီလိုနာအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဘရာဇီး တိုက်စစ်မှူး ရာဖင်ညာက သွင်းယူခဲ့ပါတယ်။

ဒီပွဲမှာ ဂိုးမပေးရဘဲ Clean Sheet ရခဲ့တာကြောင့် ဘာစီလိုနာဟာ လာလီဂါမှာ ၂၅ ပွဲ ကစားပြီးချိန်ထိ ပေးဂိုး အနည်းဆုံးဆိုတဲ့ စံချိန်မှတ်တမ်းကို ပိုင်ဆိုင်လာခဲ့ပါတယ်။ 

ဘီလ်ဘာအိုနဲ့ ပွဲအပြီးထိ ဘာစီလိုနာဟာ ၂၅ ပွဲမှာ ၈ ဂိုးသာ ပေးထားခဲ့ရတာကြောင့် အက်သလက်တီကို မက်ဒရစ်နဲ့ ဒီပို့တီဗို လာကရူးနားတို့ရဲ့ ခံစစ်စွမ်းရည် အကောင်းဆုံး ဘောလုံးရာသီတွေမှာ ၁၀ ဂိုးထိ ပေးခဲ့ရတဲ့ မှတ်တမ်းဟောင်းကို ရိုက်ချိုးနိုင်ခဲ့တပါ။

ဘာစီလိုနာဟာ ၁-၀ ဆိုတဲ့ ရလဒ်တွေနဲ့ လာလီဂါမှာ အနိုင်ရခဲ့တာ ဒီတပွဲ အပါအဝင် ၉ ကြိမ် ရှိပြီဖြစ်ပြီး လောလောဆယ် အမှတ်ပေးဇယားကို ၉ မှတ်ဖြတ် ဦးဆောင်နေပါတယ်။

အခုပွဲမှာ ဘီလ်ဘာအိုအတွက် အီနာကိုင် ဝီလျံစ်က ချေပဂိုး ပြန်သွင်းခဲ့ပေမယ့်လည်း ဒိုင်လူကြီး အထောက်အပံ့ ဗီဒီယိုစနစ် (VAR) ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့တာကြောင့် ဘာစီလိုနာရဲ့ စံချိန်အတွက် အထောက်အကူ ရစေခဲ့ပါတယ်။

ဗီဒီယို အနှေးပြကွက်တွေ အရလည်း ဘီလ်ဘာအိုရဲ့ ချေပဂိုးအတွက် ကစားကွက် စတင် တည်ဆောက်ချိန်မှာ အိုင်ကာ မူနီယန်ရဲ့ လက်နဲ့ ဘောလုံးထိခဲ့တာကို တွေ့ရတာကြောင့် စည်းမျဉ်းအရ သွင်းဂိုးကို မှန်မှန်ကန်ကန် ပယ်ဖျက်ခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ အနေနဲ့ အနိုင် ၃ မှတ်နဲ့အတူ အိမ်ပြန်နိုင်ခဲ့ပါတယ်။ 

Ref: ESPN