မတ်၊ ၈
မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ကျုံမိန်ကျေးရွာမှာ ဒီကနေ့ (မတ် ၈ ရက်) နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကြောင့် ကလေးငယ် ၂ ဦးသေဆုံးကာ အမျိုးသမီးတဦး ဒဏ်ရာ ရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဒီကနေ့ နံနက်အစောပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း(၁)နဲ့ အမြောက်တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေက မနက်အစောပိုင်းမှာ ဒရုန်းနဲ့ ဗုံးသွားချတာ၊ ခမရ(၁)ရယ်၊ အမြောက်တပ် (၄၀၂)ရယ်ပါ။ဒီညနေမှာ သတင်းရတာတော့ သူတို့ဘက်က တော့ အထိအခိုက်ရှိတာတဲ့၊ ၂ ဦးလို့ ပြောတယ်။အဆောက်အဦတချို့လည်း ပျက်စီးတာရှိတယ်။သေတာတာတော့ မရှိဘူးလို့ ကျွန်တော်တို့ သတင်းရထားတယ်ပေါ့နော်။” ဟု ၎င်းက ပြောပါတယ်။
အဲနောက်မှာတော့ သထုံမြို့နယ် ၊ကြာပန်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း(၂၄)ကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တချို့ဟာ ကျုံမိန်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ်တဦးနဲ့ အသက် ၁၂ နှစ်အရွယ်ကလေးတဦး ပွဲချင်းသေဆုံးခဲ့ပြီး အသက် ၄၀ နှစ်ရွယ် အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ ကလေးက ၇ နှစ်ပဲ ရှိသေးတယ။နောက်တယောက်ဆို ၁၂ နှစ်။သူတို့က ခြံထဲမှာ နေအိမ်ခြံဝင်းထဲမှာပဲ ရှိနေကြတာ၊ သူ့မိဘတွေနဲ့အတူ ကလေးကတော့ သူ့ဟာသူဆော့နေတာပေါ။အဲမှာ လက်နက်ကြီးကျည်က အိမ်ခြံဝင်းထဲကျပေါက်ကွဲတာ၊ တရွာထဲပဲ၊ အိမ်ချင်းမတူကြဘူး၊ ဖြစ်တာလေ၊ သေတာပေါ့၊ နှစ်ယောက်လုံးပွဲချင်းသေတယ။လူကြီးတယောက်ကလည်း ခေါင်းမှာ ဒဏ်ရာရသွားတယ်။သူလည်း အခု ဒီဘက်က က ဆေးပေးခန်းမှာ ကုနေရတယ်။ ” ဟု ၎င်းက ပြောပါတယ်။
သထုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်တာတွေ ရှိနေသလို သူတို့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာလည်း ကျေးရွာတွေဘက်ကို အမြဲတမ်းလိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
မွန်ပြည်နယ်မှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက် သေဆုံးမှု ၁၅ ဦးထက်မနည်းနဲ့ ဒဏ်ရာရရှိသူမှာ ၁၀ ကျော်ရှိပြီး အဲထဲကဆိုရင် ရေး၊ သထုံ၊ ကျိုက်ထို၊ ဘီးလင်းမြို့နယ်တွေမှာ အများဆုံးဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။