စစ်ပွဲ နှစ်ပတ်လည်နေ့မှာ ပိုလန်ဆီက Leopard 2 တင့်ကားတွေ ယူကရိန်း စတင်လက်ခံရရှိ

ဖေဖာ်၀ါရီ၊ ၂၅

ကျူးကျော်စစ်ပွဲရဲ့ နှစ်ပတ်လည်နေ့မှာ ပိုလန်က ယူကရိန်းအတွက် ပထမဆုံးအသုတ် Leopard 2 တင့်ကားတွေ စတင် ပေးပို့လိုက်ကြောင်း သိရပါတယ်။

 ဖေဖော်ဝါရီ ၂၄ ရက်မှာ ပိုလန်ရဲ့ Leopard 2 တင့်ကားတွေ ယူကရိန်းကို စတင်ရောက်ရှိနေပြီလို့ အတည်ပြုနိုင်ကြောင်း ပိုလန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီနေ့ဟာ ရုရှားက ယူကရိန်းကို စတင်ကျူးကျော်တာ တနှစ်တင်းတင်းပြည့်တဲ့ နှစ်ပတ်လည်လည်း ဖြစ်ပါတယ်။

 ပိုလန် ကာကွယ်ရေးဝန်ကြီး မာရီရက်စ်ဇ် ဘလက်စ်ဇက်ခ်ရဲ့ အတည်ပြုချက်အရ ပိုလန်ဟာ ယူကရိန်းအတွက် Leopard 2 တင့်ကားတွေ ပထမဆုံး လက်တွေ့ ထောက်ပံ့တဲ့ နိုင်ငံ ဖြစ်လာပါတယ်။ ဒီတင့်ကားတွေကို ထုတ်လုပ်တဲ့ မိခင်နိုင်ငံ ဂျာမနီ အပါအဝင် Leopard 2တွေ ဝယ်ယူထားတဲ့ တခြားအနောက်ဥရောပ နိုင်ငံတချို့ကလည်း အဲဒီ ခေတ်မီ တိုက်ပွဲဝင် တင့်ကားတွေကို ယူကရိန်းဆီ ပို့ဆောင်ပေးဖို့ အသီးသီး ကတိပြုထားကြပါတယ်။

 စစ်ပွဲ နှစ်ပတ်လည်နေ့မှာ ပိုလန် ဝန်ကြီးချုပ် မာတူစ်ဇ် မော်ရာဝစ်ကီကလည်း ယူကရိန်းရဲ့မြို့တော် ကိယက်ဗ်ကို ရောက်ရှိနေခဲ့ပြီး သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ် နှစ်ပတ်လည်မှာ ကိယက်ဗ်ကို လာရောက်တယ် ဆိုတာကိုက သူဟာ ယူကရိန်းကို အပြည့်အဝ ထောက်ခံတယ်ဆိုတဲ့ ရှင်းလင်းတဲ့ သတင်းစကား ပေးပို့လိုက်တာ ဖြစ်ကြောင်း မော်ရာဝစ်ကီက ဆိုပါတယ်။

 ပိုလန်က Leopard 2 တင့်ကားတွေ ပို့ဆောင်လိုက်ပြီဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ယူကရိန်းကတော့ လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ပြီးတော့ ပိုလန်က တင့်ကား ဘယ်နှစီး ပို့လိုက်သလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 ပိုလန်ဟာ ရုရှားရဲ့ ကျူးကျော်စစ် အစပြုချိန် ကတည်းက ယူကရိန်းကို အင်တိုက်အားတိုက် အကူညီဆုံး ဥရောပ နိုင်ငံတွေထဲက တခုအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ ကျူးကျော်မှု အန္တရာယ်ကို တွန်းလှန်ဖို့ ပြင်ဆင်တဲ့ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကိုလည်း ၄ ရာခိုင်နှုန်း တိုးမြှင့်ထားကြောင်း သိရပါတယ်။